မက္ကဆီကိုနိုင်ငံမှာ အလျင်အမြန် တိုးတက်အောင်မြင်မှု ရရှိနေတဲ့ အစ္စလာမ်သာသနာတော် (ပထမပိုင်း)

Man-reading-Quran-01

 

(၁၉၉၄) ခုနှစ်မှာ မက္ကစီကိုနိုင်ငံ (Mexico) မြို့တော် မက္ကစီကိုစီးတီး (Mexico City) သို့ မော်ရိုကိုနိုင်ငံ (Morocco) မှ စိုဒ်လူဟာဘီ (Said Louahabi) ရောက်ရှိလာချိန်မှာ ဗလီဝတ်ကျောင်းတော် သို့မဟုတ် အစ္စလာမစ်စင်တာ တစ်ခုမှ မရှိသေးတဲ့အတွက် သူနဲ့ အပေါင်းအပါ မွတ်စလင်တစ်ချို့အနေဖြင့် စုပေါင်းဝတ်ပြုခြင်း အပါအဝင် အစ္စလာမ်သာသနာ့အရေး ရှိလာပါက ပါကစ္စတန်နိုင်ငံ (Pakistan) သံရုံးသို့ သွားရောက်ကာ ပြုလုပ်ခဲ့ရပါတယ်။

 

“ကျနော် ရောက်လာတော့ ဗလီဝတ်ကျောင်းတော်နဲ့ မွတ်စလင်များ တွေ့မလားဆိုပြီး လိုက်ရှာကြည့်တယ်။ အဲဒီအချိန်မှာ ပါကစ္စတန်သံရုံးမှာ အားလုံး ဆုံမိကြတော့ အယောက် (၈၀) လောက်ပဲရှိပြီး အားလုံးဟာ နိုင်ငံခြားသားတွေချည့်ပါပဲ”လို့ အင်္ဂလိပ်စာဆရာ တစ်ဦးဖြစ်သူ စိုဒ်လူဟာဘီက Fox News Latino ရုပ်သံဌာနက ဆက်သွယ်မေးမြန်းရာမှာ ပြောပြပါတယ်။

 

ယခုအခါမှာတော့ မက္ကစီကိုစီးတီးမြို့ရဲ့ အန်ဇူရက် (Anzures) ရပ်ကွက်မှာ Muslim Community Educational Center အဖြစ် သုံးထပ်အဆောက်အဦး တည်ဆောက်ထားပြီး စိုဒ်လူဟာဘီကဲ့သို့ ရေခြားမြေခြားမှ ရောက်ရှိလာတဲ့ မွတ်စလင်တွေသာမက ဒေသခံ မက္ကဆီကိုလူမျိုး (Mexican) မွတ်စလင် ရာချီကာ အတူတကွ စုပေါင်းဝတ်ပြုနေကြတာကို တွေ့မြင်နိုင်ပါတယ်။

 

အစ္စလာမစ်စင်တာရှိ သောကြာနေ့ အထူးစုပေါင်းဝတ်ပြုပွဲမှာဆိုရင် အာရေဗျ (Arabic) ဘာသာစကားနဲ့သာမက စပိန်ဘာသာစကား (Spanish) နဲ့ပါ ဝတ်ပြုဆုတောင်း၊ တရားဟောပြောခြင်းများကို ပြုလုပ်ပေးလျက်ရှိပါတယ်။ တက်ရောက်လာသူ ပရိတ်သတ်ဟာဆိုရင်လည်း အလွန်ကိုပဲ အသွေးအရောင်များ ကွဲပြားလျက်ရှိပြီး အစ္စလာမ်သာသနာ့ဘောင်အတွင်းသို့ ကူးပြောင်းဝင်ရောက်လာတဲ့ မက္ကစီကိုလူမျိုးများအပြင် အရှေ့အလယ်ပိုင်းဒေသ (Middle East) မှ မွတ်စလင်များ၊ အာဖရိကတိုက် (Africa) မှ မွတ်စလင်များ၊ ပါကစ္စတန်နှင့် အာရှအလယ်ပိုင်းဒေသ (Central Asia) မှာ မွတ်စလင်များ အစရှိသဖြင့် စုံလင်လှပလို့ နေပါတယ်။

 

အစ္စလာမစ်စင်တာမှာ ဘောလုံးအသင်းတစ်ခုတောင် တည်ထောင်ထားရှိနေပါပြီ။ အစ္စလာမ်သာသနာ့ဘောင်အတွင်းသို့ ကူးပြောင်းဝင်ရောက်လာတဲ့ မက္ကစီကိုလူမျိုး မွတ်စလင်မောင်မယ်သစ်များကလည်း သူတို့ရဲ့ ဌာနေတိုင်းပြည်မှာ သာသနာ့တိုးတက်မှုအပေါ် အလွန်ဂုဏ်ယူအားတက်မိကြောင်း ပြောဆိုကြပါတယ်။

 

“ကျနော်က အစ္စလာမ်သာသနာကို လေ့လာဖို့ အင်တာနက်နဲ့ စာအုပ်တွေကို အသုံးပြုပါတယ်”လို့ မွတ်စလင်ညီနောင်သစ် Alexander Huttanos က ဆိုပါတယ်။ သူဟာ လေယဉ်မောင်းတစ်ဦးဖြစ်ပြီး ယခုအခါ အာမက်အာဘာ့စ် (Ahmed Abbas) လို့ မွတ်စလင်အမည် ခံယူထားသူပါ။ “ကျနော် ခရစ်ယာန်ဘာသာ သာမက ဂျူးဘာသာ၊ ဗုဒ္ဓဘာသာနဲ့ အာဖရိက ရိုးရာဘာသာများ အစရှိတဲ့ တခြားဘာသာတွေကိုလည်း လေ့လာခဲ့ပါတယ်။ နောက်ဆုံးမှာ အစ္စလာမ်သာသနာတော်ကို တွေ့ရှိခဲ့ပါတယ်”လို့ သူက သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

 

(၁၉၇၉) ခုနှစ်မှာ အီဂျစ်နိုင်ငံ (Egypt) သို့ သွားရောက်လည်ပတ်စဉ်အတွင်း အစ္စလာမ်သာသနာကို တွေ့ရှိကာ သက်ဝင်ယုံကြည်ခဲ့သူ မက္ကစီကိုလူမျိုး အိုမာရာမီ (Omar Remy) က “အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းစဉ်တော်ဟာ အလွန်တရာ နက်ရှိုင်းဆန်းကြယ်လှပါတယ်”လို့ ပြောပါတယ်။ သူဟာ ယခုအခါ Muslim Community Educational Center မှာ အမှုထမ်းလျက် ရှိပါတယ်။ “အင်တာနက်က အကူအညီ ဖြစ်စေပါတယ်။ လူသားခြင်း ဆက်သွယ်မှု ရရှိစေပြီး သာသနာကိုလည်း စူးစမ်းလေ့လာနိုင်ပါတယ်”လို့ အိုမာရာမီက ဆိုပါတယ်။

 

 

လင်းယုန်နက် (ခြင်္သေ့မြို့တော်)

 

ကိုးကား – Fox News Latino

 

မက္ကစီကိုစီးတီးမြို့တော်မှ အလွတ်တန်း ဂျာနယ်လစ် Bernd Debusmann Jr. ရေးသားသည်။

 

Leave a Reply

Your email address will not be published.