အမေရိကန်မှာ တမန်တော်မြတ်ကြီး မိုဟာမက်သခင်ရဲ့ အတ္ထုပ္ပတ္တိ အခန်းဆက် တင်ဆက်ထုတ်လွှင့်မည်

Life_of_Muhammad

 

အမေရိကန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဦးသျှောင် မဟာလူသား တမန်တော်မြတ်ကြီး မိုဟာမက်သခင်ရဲ့ အတ္ထုပ္ပတ္တိ ရုပ်သံဇာတ်လမ်းတွဲ ‘Life of Muhammad’ ကို Public Broadcasting Service (PBS) က ယခု ဩဂုတ်လ (၂၀) ရက် အင်္ဂါနေ့မှာ အခန်းဆက် တင်ဆက်ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

 

 

ဗာဂျီးနီးယားပြည်နယ် (Virginia) အာလင်တန်မြို့ (Arlington) မှာ အခြေစိုက်တဲ့ PBS ကို ရုပ်သံလုပ်ငန်းပေါင်း (၃၅၄) ခုက စုပေါင်းထောက်ပံ့ပိုင်ဆိုင်ပြီး အမြတ်ရှေ့ရှုခြင်း မရှိဘဲ အများပြည်သူနဲ့ ကလေးသူငယ်တွေအတွက် ပညာရေးနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို တင်ဆက်ပေးလျက် ရှိပါတယ်။

 

PBS က ထုတ်လွှင့်တဲ့ အတွက်ကြောင့် အမေရိကန်နိုင်ငံသားတွေအတွက်တော့ အံ့အားသင့်စရာ အစီအစဉ်တစ်ခု ဖြစ်ဖို့ရှိပြီး အပိုင်း (၃) ပိုင်းကို အခန်းဆက် Documentary အဖြစ် တင်ဆက်သွားမှာပါ။

 

ဂျော့ဂ်ျတောင်း တက္ကသိုလ် (Georgetown University) က အစ္စလာမ်ပညာရေးရာ ပါမောက္ခ ဂျွန်အက်စပိုစီတို (John Esposito) က “Gallup တို့၊ Pew တို့ အပါအဝင် တခြား အထင်ကရ စစ်တမ်းတွေအရ ထင်ထင်ရှားရှား သိနိုင်တာက အမေရိကန်တွေ၊ ဥရောပတိုက်သားတွေ အများစုဟာ အစ္စလာမ်သာသနာနဲ့ ပတ်သတ်ပြီး ဗဟုသုတ ခေါင်းပါးရုံတင် မဟုတ်ဘဲ မွတ်စလင်လူထုကို အကြောင်းမဲ့ မုန်းတီးနေ၊ အာဃာတ ထားနေကြတယ်”လို့ ဆိုပါတယ်။

 

တဆက်တည်းမှာ ပါမောက္ခ ဂျွန်အက်စပိုစီတိုက ဒီအစီအစဉ်က ‘ရေချိန်ညှိပေးနိုင်တယ်’လို့ ဆိုလိုက်ပြီး မဟာလူသား တမန်တော်မြတ်ကြီးရဲ့ ဘဝအပေါ် မတူညီတဲ့ ရှုထောင့်အမြင်တွေကနေ သုံးသပ်ပုံကိုလည်း တင်ပြထားကြောင်း ပြောပါတယ်။

 

Rageh Omaar

 

(၂၀၁၁) ခုနှစ်မှာ BBC က ရိုက်ကူးထုတ်လုပ်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ မဟာလူသား တမန်တော်မြတ်ကြီးရဲ့ မွေးဖွားကြီးပြင်းပုံ၊ ပထမဇနီးတော် ခါတီဂျာ (Khadijah) သခင်မနဲ့ လက်ဆက်ခဲ့ပုံများ၊ ဒုတိယပိုင်းမှာ ‘မေရာ့ခ်ျ’ ဂျေရူစလင်မြို့ (Jerusalem) သို့ ဈာန်ခရီး ကြွမြန်းသည့်ညအကြောင်း အပါအဝင် မက္ကာဟ် (Mecca) မြို့သားတို့နဲ့ (၈) နှစ်ကြာ ရုန်းကန်လှုပ်ရှားခဲ့ရမှု၊ တတိယပိုင်းမှာ နှောင်းပိုင်းကာလများကို တင်ဆက်ထားပါတယ်။

 

ဆိုမာလီယာ (Somalia) နိုင်ငံဖွား နာမည်ကျော် ဂျာနယ်လစ် ရာဂေအိုမာ (Rageh Omaar) က နောက်ခံစကားပြောထားပြီး မဟာလူသား တမန်တော်မြတ်ကြီးအား အရိုအသေ အလေးအမြတ်ပြုကာ အပြုသဘောဆောင် တင်ဆက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

အစ္စလာမ်တရားတော်နဲ့ လျော်ညီစွာ မဟာလူသား တမန်တော်မြတ်ကြီးရဲ့ အသွင်သဋ္ဌန်အား ပုံဖော်ခြင်း၊ ရုပ်ပုံဓာတ်ပုံများ သုံးစွဲခြင်း အလျင်းမရှိကြောင်းလဲ သိရပါတယ်။ ဒီအတွက် ဝေဖန်မှုအချို့ ရှိနေတဲ့အပေါ် အောက်စဖို့ တက္ကသိုလ် (University of Oxford) က အစ္စလာမ်ရေးရာ ပညာရှင် ပါမောက္ခတစ်ဦး ဖြစ်သူ တာရစ်ရာမဒန် (Tariq Ramadan) က “ကျနော်တို့က ဘယ်တမန်တော်ရဲ့ အသွင်သဋ္ဌန်ကိုမျှ ပုံဖော်ခြင်း၊ ရုပ်ပုံဓာတ်ပုံများ သုံးစွဲခြင်း မပြုလုပ်ပါဘူး”လို့ ပြန်လည်ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

 

 

လင်းယုန်နက် (ခြင်သေ့မြို့တော်)

 

 

ကိုးကား – Huff Post

Leave a Reply

Your email address will not be published.