RFA သတင်း – သေဆုံးစာရင်း အစိုးရပြင်ဆင် ထုတ်ပြန်နှင့် ဆူပူလှုံ့ဆော်သူတွေကို အရေးယူမည်

၂၆ အောက်တိုဘာ ၂၀၁၂

Source: RFA Burmese

 

ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ၆ ရက်တာ အကြမ်းဖက်မှု တွေအတွင်း သေဆုံးသူ ၆၄ ယောက်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြင်ဆင် ပြောဆိုကြောင်း ရိုက်တာ သတင်းဌာနက မနေ့က ရေးသားပါတယ်။

 

မနေ့က နေ့လည်ပိုင်းလောက်က သေဆုံးသူ ၁၁၂ ယောက် ရှိတယ်လို့ ပြောခဲ့ပေမယ့် တွက်ချက်မှု မှားယွင်းတာကြောင့် အမှားပြင်ဆင်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ မြို့နယ် ၆ မြို့နယ်မှာ အကြမ်းဖက် မီးရှို့မှုတွေကြောင့် အိမ်ခြေ ၂၀၀၀ လောက် ဆုံးရှုံးရပြီး ဒဏ်ရာရရှိသူက ၁၀၀ လောက်ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။

 

မနေ့က အာအက်ဖ်အေက မေးမြန်းရာမှာ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြိုင်က သေဆုံးသူ ၁၁၂ ယောက် ၊ ဒဏ်ရာရသူ အရေအတွက်ဟာ ကလေး ၁၀ ယောက် အပါအ၀င် ၇၂ ယောက်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

 

ဒေသခံတွေ ပြောပြချက်အရ အခင်းဖြစ်ပွားမှုတွေမှာ ၀င်ရောက်ထိန်းသိမ်းတဲ့ စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။

 

ရခိုင်ပြည်နယ်အရေးဖြစ်စဉ်တွေမှာ နောက်ကွယ်က ကြိုးကိုင်သူ၊လှုံဆော်သူတွေကို ပြည်သူတွေ အနေနဲ့ သိရှိပါက ဖော်ထုတ်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၂၆ ရက်နေ့ က မေတ္တာ ရပ်ခံလိုက်ပါတယ်။

 

ပြည်သူတွေ အနေနဲ့ ပဋိပက္ခဖြစ်စဉ် ကြီးထွားစေဖို့ ရည်ရွယ်ချက်နဲ့ အွန်လိုင်းစာမျက်နှာတွေမှာ လှုံဆော်တဲ့ ကိစ္စရပ်တွေ အပြင်၊အခြားသိရှိထားတဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ် သတင်းပေး စေလိုကြောင်း နိုင်ငံတော် သမ္မတရုံး၊ ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို အခုလိုပြောပါတယ်

 

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့လည်း ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်စဉ်တွေကို ကြီးထွား အောင် ပြည်တွင်း၊ပြည်ပက သွေးထိုးလှုံဆော်နေသူတွေကို အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

 

ရခိုင်ပြည်နယ် မြေပုံမြို့မှာ မကြာခင်ရက်ပိုင်းတွေအတွင်းက အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွား ခဲ့တာနဲ့ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းပေးဖို့ ရာဂဏန်းရှိတဲ့ အမျိုးသမီးတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

 

အခုလိုဆန္ဒပြတောင်းဆိုရတာနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်အေးဝင်းကြည်က RFA ကို အခုလိုပြောပြပါတယ်။

 

“အခုတော့လူကြီးတွေရောက်လို့လေ ကျွန်မတို့မြို့ကလူတွေက ကုလားနဲ့ မနေနိုင်ဘူးဆိုပြီးတော့ အဲလို ဆန္ဒထုတ်ဖော်နေတာပါ။ ကုလားတွေက တော်တော်ဆိုးပါတယ်။ ကျွန်မတို့မြေပုံမှာ ဒေသခံတွေကို တော်တော်နှိပ်စက်ပြီးတော့ သူတို့တောင်ပေါ်မှာ သူတို့ကိုယ်သူတို့ မီးတိုက်ပြီးတော့ ထွက်ပြေးတာ ကျွန်မတို့ ဘာမှမလုပ်ရပါဘူးရှင်။ သူတို့တစ်ခုခုပြန်လုပ်မှာကို    ကျွန်မတို့ကြောက်တယ်။ ဒါကြောင့်မို့ ကျွန်မတို့အတွက် လုံခြုံရေးများရမလားဆိုပြီးတော့      ကိုယ့်ပြည် ကိုယ့်ဒေသမှာနေပြီးတော့ ကျွန်မတို့ ဒီလိုဖိအားနဲ့ နေရမှာလား။ ဒါကြောင့်မို့ ကျွန်မတို့ လုံးဝမနေနိုင်လို့  ဒီလိုတောင်းဆိုတာပါ”

 

အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးအပါအဝင် အစိုးရတာဝန်ရှိသူတွေ မြေပုံမြို့ပေါ်မှာ ယာယီဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို လာရောက်ကြည့်ရှုစဉ် အခုလိုဆန္ဒပြတောင်းဆိုမှုဖြစ်ပေါ်ခဲ့တာလို့သိရပါတယ်။

 

မြေပုံမြို့နယ်မှာ လုံခြုံရေးစစ်တပ်အင်အားတွေ တိုးချဲ့ချထားပေမယ့် အမျိုးသမီးတွေ ဆန္ဒပြတာကို တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားတာမျိုး မရှိခဲ့ဘူးလို့လည်းသိရပါတယ်။

 

 

http://www.rfa.org/burmese/news/rakhine-death-toll-10262012133500.html

http://www.rfa.org/burmese/news/rakhine-stategovt-10262012194300.html

http://www.rfa.org/burmese/news/president-appeal-10262012195310.html

Leave a Reply

Your email address will not be published.