“ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးသည့် နှစ်လေးဆယ်ပြည့်နေ့ အမှတ်တရ”
salai-tin-maung-oo-01
၂၀၁၆ ခုနှစ် ဇွန်လ (၂၆) ရက်သည် မြန်မာနိုင်ငံသမိုင်းတွင် စစ်အာဏာရှင်စနစ်အားအပြတ်သားဆုံး ဆန့် ကျင်တိုက်ပွဲဝင်ခဲ့သူ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့သည့် နှစ်လေးဆယ်ပြည့်သည့်နေ့  ဖြစ်သည်။
ဒီမိုကရေစီရေးသို့ အသွင်းကူးပြောင်းနေပြီ ဟူ၍ လူထုအတော်များများက ထင်မှတ်မှားနေကြချိန် ဤနှစ် ဤလအတွင်းမှာပင် စစ်အာဏာရှင်စနစ် အခိုင်အမာရှိနေသေးကြောင်း ထင်ရှားသည့် သာဓက တခုကို အမှတ်မထင် တွေ့ မြင်လိုက်ကြရသည်။ ယင်းမှာ သီပေါ စော်ဘွားစ၀်ကြာဆိုင် ၏ ကြေကွဲဘွယ် ဘ၀အတ္တုပ္ပတ္တိအား ရိုက်ကူးထားသည့် Twilight Over Burma ရုပ်ရှင်ပြခွင့်အား ငြင်းပယ်ခံလိုက်ရခြင်း ဖြစ်သည်။
ဆလိုင်းကိုတင်မောင်ဦး နှင့် စ၀်ကြာဆိုင် တို့ နှစ်ဦး၏ ဘ၀ကိုနိုင်းယှဉ်ကြည့်လျှင် တူညီသော အချက်များ အတော်များများ ရှိသလို ကွဲပြားမှုများကိုလည်းတွေ့ နိုင်သည်။
တူညီမှုများကို အရင်ဦးစွာတင်ပြပါမည်။ ပထမ မှာ နှစ်ဦးလုံးသည် လူသားပီသ သူများဖြစ်ခြင်းပင်။ မိမိကိုယ်ကျိုးသက်သက်ကိုသာ ကြည့်တတ်သူများမဟုတ်။ ပြည်သူလူထုအကျိုး၊ အများအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးခဲ့ကြသူများဖြစ်သည်။ စိတ်နှလုံးသား ပျော့ပြောင်းနူးညံ့ကြ၊ ယဉ်ကျေးသိမ်မွေ့ ကြ၊ မိသားစုကို တန်ဘိုးထား ချစ်ခင်ကြသူများဖြစ်သည်။
ဒုတိယမှာ နှစ်ဦးလုံးသည် မြန်မာမဟုတ်သော တိုင်းရင်းသားများဖြစ်ခြင်းပင်။ ဆလိုင်း တင်မောင်ဦးက ချင်းအမျိုးသားဖြစ်ပြီး စ၀်ကြာဆိုင်က ရှမ်းအမျိုးသားဖြစ်သည်။
တတိယ မှာ နှစ်ဦးလုံးသည် သူ့ နည်းသူ့ ဟန်နှင့်သူ လူထုကို စည်းရုံးဦးဆောင်နိုင်ခဲ့၊ လူထု၏ လေးစားချစ်ခင်မှုကို ရရှိခဲ့ကြသူများ၊ ၄င်းတို့ ကိုယ်တိုင်ကလည်း လူထုကို ချစ်ခင်မြတ်နိုးကြသူများ ဖြစ်သည်။
မြန်မာစစ်တပ်က ရှမ်းရွာများကို မီးတင်ရှို့ ၊ လူထုကို နှိပ်စက်၊ အမျိုးသမီးများအား မုဒိမ်းပြုကျင့်သဖြင့် ၄င်း၏ လူထုနစ်နာဆုံးရှုံးရမှုများအတွက် ရှမ်းစော်ဘွား စ၀်ကြာဆိုင် မခံမရပ်နိုင်ပေါက်ကွဲ ခံစားခဲ့ရသည်ကို လေ့လာနိုင်သည်။
ကိုတင်မောင်ဦးသည်လည်း အလားတူပင်။ စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေးအတွက် ကျောင်းသားနှင့် လူထုများအတွင်း စည်းရုံးရင်း ညကြီးမိုးချုပ်မှသာ အိမ်ပြန်ရောက်သည့် ရက်များစွာရှိခဲ့သည်။ သို့ ဖြစ်၍ ၄င်း အတွက် စိုးရိမ်ပူပန်စွာဖြင့် မိခင်ဖြစ်သူမှာ မျက်ရည်ကျလေ့ရှိခဲ့သည်။ ထိုအခါ အမေ့ မျက်ရည်ကို သုတ်ပေးရင်း “မငိုပါနဲ့ အမေ။ အမေ့ လိုဘဲ သူတို့ သားတွေအတွက် စိတ်ပူလို့ မျက်ရည်ကျနေကြရတဲ့ အခြားအမေတွေပါ မျက်ရည်ကျစရာ မလိုတဲ့ အခြေအနေတွေ ဖြစ်လာအောင် သားကြိုးစားနေပါတယ် အမေ။” ဟု ပြောပြီး နှစ်သိမ့်လေ့ရှိခဲ့သည်။ ဤသည်မှာ ဆလိုင်းတင်မောင်ဦး က လူထုအပေါ်ထားရှိသော မေတ္တာကို ဖေါ်ညွှန်းခြင်းပင်။
စတုတ္ထ တူညီသောအချက်မှာ စစ်အာဏာရှင်စနစ်အားဗိုလ်ချုပ်နေ၀င်းဦးဆောင်၍ ကျင့်သုံးဖေါ်ဆောင်နေခဲ့သည့် အချိန်တွင် ၄င်း၏လက်ချက်ဖြင့် နှစ်ဦးလုံး ဘ၀နိဂုံးအဆုံးသတ်ခဲ့ကြရခြင်းဖြစ်သည်။ ပဉ္စမ မှာ နှစ်ဦးလုံး၏ နိုင်ငံေ၇းရပ်တည်ချက် ခိုင်မာခြင်းပင်။ မြန်မာစစ်အာဏာရှင်များနှင့် ပူးပေါင်း၊ ၄င်းတို့ အကြိုက်ကိုလိုက်လျောလုပ်ဆောင် ပြီး နိုင်ငံရေးအရ ၄င်းတို့ နှင့်လက်တွဲမည်ဆိုပါက အသက်ရှင်ခွင့်သာမကဘဲ သူကောင်းပြုမှုပင်ရနိုင်ခဲ့ကြ သူများဖြစ်သည်။
သို့ ရာတွင် ယင်းလမ်းကြောင်းကိုမလျှောက်ခဲ့ကြ။ ဆဌမမှာ နှစ်ဦးလုံး၏အလောင်းများကို သက်ဆိုင်ရာ မိသားစုများက သဂြိုဟ်ခွင့် မရ၊ မျက်နှာများကိုပင် မြင်ခွင့်၊ တွေ့ ခွင့်မရခဲ့ကြရ။
Twilight Over Burma ရုပ်ရှင် အဘယ်ကြောင့် ပြခွင့်မပြုခဲ့ကြောင်းကို ရုပ်ရှင်ဆင်ဆာ စိစစ်ရေးအဖွဲ့၏ ဒုဥက္ကဋ္ဌ ဖြစ်သူ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်က အောက်ပါအတိုင်းပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းစဉ်တွင် ဖတ်လိုက်ရသည်။
“ဒီကားကို ကြည့်တဲ့အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်တဲ့ အနေအထားမျိုးတွေလည်း တွေ့ရပါတယ်။ နောက်ပြီးတော့ Hate Speech လို့ဆိုတဲ့ အမုန်းပွားမှုတွေလည်း ဖြစ်နိုင်တဲ့ အနေအထားမျိုးလည်း ရှိနိုင်တာပေါ့လေ”
ဒု ညွှန်ချုပ်၏ အကြောင်းပြမှုများသည် ရာခိုင်နုန်းပြည့်လွဲချော်နေပါပြီ။ တိုင်းရင်းသားများ၏ ဖိနှိပ်ခံစား၊ ဘ၀နစ်နာပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျှဉ်း၍ အမှန်တရားရှာဖွေခွင့် [i] နှင့် အမှန်တရားကို ဖေါ်ထုတ်ခွင့် [ii] ပေးရန်လိုသည်။ အမှန်တ၇ားကို ဖိနှိပ်ဖုံးကွယ်ထားခြင်းအားဖြင့် အတွင်းကြိတ်အမုန်းပွားမှုများ ပိုမို များပြားလာမည် ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်ရုံမျှမက မည်သည့်အခါတွင်မျှ ရနိုင်ဘွယ်ရှိမည် မဟုတ်ပါ။
တိုင်းပြည်၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုညွှန်ချုပ် တာဝန်ယူထားသူသည်”အမုန်းပွားစေ သည့် ပြောကြားချက်” (Hate Speech) ကို ရှင်းလင်းစွာနားလည်ထားသင့်သည်။ ယင်းအား လွတ်လပ်စွာထုတ်ဖေါ်ခွင့်[iii]အခြေခံ နှင့် ဆက်စပ်၍ ဥပဒေရှုဒေါင့်မှ လေ့လာထားပြီး ဖြစ်သင့်သည်။ ပြည်သူလူထုကိုလည်းကောင်း၊ တိုင်းပြည်ကိုလည်းကောင်း လမ်းကြောင်းမှား ရောက်စေမည့် သုံးသပ်ချက်အမှားများဖြင့် ရှင်းလင်းခြင်းမျိုးမပြုသင့်ပါ။
ယင်း နှင့် စပ်လျှဉ်း၍ အမေရိကန်ပြည်ထောင်စုတွင်စံထားလောက်အောင် ဖြစ်ပွားခဲ့သော Rodney King အမှုကို လေ့လာသင့်သည်။ ၁၉၉၁ ခုနှစ် မတ်လ (၃) ရက်နေ့ က ကယ်လီ ဖိုးနီးယားပြည်နယ်၊ လော့စ်အင်းဂျလိစ်မြို့ တွင် ဖြစ်ပွားခဲ့သည်။ လူမဲဖြစ်သူ Rodney King အား လူဖြူ ရဲ အရာရှိများက ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ ခြေထောက်နှင့် ခြောက်ချက် ကန်၊ နံပါတ်တုတ်နှင့် ၅၆ ချက်ရိုက်၊ a Taser electronic stun gun ခေါ် လျှပ်စစ်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြသည်။ အခြားရဲအရာရှိ ၂၃ ဦးက စောင့်ကြည့်နေခဲ့ကြသော်လည်း ၀င်ရောက်တားဆီးခဲ့ခြင်းမရှိ။ အဆိုပါ မြင်ကွင်းကို George Holliday ဆိုသူ မျက်မြင်တဦးက ၄င်း၏ အိမ်လသာဆောင် မှ နေပြီး ဗွီဒိုယိုရိုက်ကူးကာ ဒေသဆိုင်ရာ သတင်းဌာန တခုမှ နေ၍ ထုတ်လွှင့်ပြသခဲ့သည်။ နောက်ပိုင်းတွင် လူဖြူ၊ လူမဲ အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး ၅၅ ဦးသေဆုံး ၂၀၀၀ ကျော်ဒဏ်ရာရခဲ့သည်။
ဤတွင် အဆိုပါ အချင်းဖြစ်ပုံကို ရိုက်ကူး ထုတ်လွှင့်ခဲ့သည့် ဗွီဒီယိုခွေသည် ” အမုန်းပွားစေသည့် ပြောကြားချက်” (Hate Speech)  ဖြစ်သလား ဟူ၍ ငြင်းခုံဆွေးနွေးမှုများ ရှိခဲ့သည်။ သို့ ရာတွင် အမေရိကန်လူ့ အဖွဲ့ အစည်းသည် ယင်း ကို လက်မခံခဲ့ပါ။ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို ယနေ့ တိုင်ဆက်လက် ကိုင်စွဲကျင့်သုံးဆဲဖြစ်သည်။ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ခြင်းမှာ ဗွီဒီယိုခွေပြသခဲ့ခြင်းကြောင့်မဟုတ်။ Rodney King ကို ရိုက်နှက်ခဲ့သည့် လူဖြူရဲအရာရှိများအား ရုံးတင်တရားစွဲဆို အရေးယူရာတွင် ပြည်နယ်တရားရုံးက ကွင်းလုံးကျွတ်လွှတ်ပေးခဲ့သောကြောင့်သာ အဆိုပါ အဓိက ရုဏ်းများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။
အမှန်တရားကို ဖေါ်ထုတ်ခြင်းသည် “အမုန်းပွားစေသည့် ပြောကြားချက်” မဟုတ်ပါ။ ရဲအရာရှိများက Rodney King အား ပြင်းထန်စွာဝိုင်းဝန်းရိုက်နှက်ကြခြင်းသည် အမှန်တရားဖြစ်သည်။ ယင်းကို အမှန်အတိုင်းပင် ဗွီဒီယို ကင်မရာဖြင့် ရိုက်ယူပြီးတင်ပေးလိုက်ခြင်းဖြစ်သည်။ ထိုသို့ တင်ပေးသူ George Holliday က အဆိုပါဗွီဒီယိုခွေအား ထုတ်လွှင့်ပြသနေချိန်တွင် “ပရိသတ်များ ဒီဖြစ်ရပ်ကိုကြည့်လိုက်စမ်းပါ။ လူဖြူရဲအရာရှိတွေဟာ ကျုပ်တို့ လူမဲတွေကို အခုလိုနိုင့်ထက်
စီးနင်း လူမဆန် နှိပ်စက်ညှင်းပမ်းနေကြတာ ကြာပြီ။ ဒါကြောင့် ဒီလူဖြူ ရဲ အရာရှိတွေရော၊ သူတို့ ကို အားပေးနေတဲ့ လူဖြူတွေကိုပါ အကြမ်းဘက်ပြီး တုန့် ပြန်ဘို့ ၊ သုတ်သင်ပစ်ကြဘို့ အချိန်ရောက်ပြီ။” ဟု ပြောဆိုလျှင် ယင်းမှာ “အမုန်းပွားစေသည့် ပြောကြားချက်” ဖြစ်သွားပါသည်။ အဘယ်ကြောင့်ဆိုသော် လှုံ့ ဆော်မှု Incitement မြောက်သွားသောကြောင့်ပင်။ ထို့ အပြင် ယင်းသို့ သော လှုံ့ ဆော်မှုကြောင့် ဥပဒေမဲ့ကျူးလွန်မှုများ လတ်တလောမှာပင် ဖြစ်ပွားနိုင်
သည့် အခြေအနေ[iv] ထင်ရှားရန်လိုပါမည်။ Twilight Over Burma ရုပ်ရှင်တွင် ယင်းအင်္ဂါ လက္ခဏာများ ရှိမနေပါ။
အမေရိကန်ပြည်ထောင်စုမှာပင် ကျွန်စနစ်ကို ကျင့်သုံးခဲ့သည့် တောင်ပိုင်းပြည်နယ်များက လူဖြူများသည် ကျေးကျွန်ဟု ၄င်းတို့ ကသတ်မှတ်ထားသော လူမဲများအပေါ် လွန်ကဲစွာရက်ရက်စက်စက်ပြုမူခဲ့ကြသည်။ ယင်း ဖြစ်ရပ်များအား ရုပ်ရှင်ကားပေါင်းမြောက်များစွာ ရိုက်ကူးပြသခဲ့ပြီးကြပြီ။ လူမဲတွေက လူဖြူတွေ အပေါ် မုန်းတည်းမှာ စိုးရိမ်၍ ဟု ဆိုကာ တားဆီးပိတ်ပင်ခဲ့ခြင်း အလျှဉ်းမရှိ။
Twilight Over Burma ရုပ်ရှင်ပြခွင့်အား ငြင်းပယ်လိုက်ခြင်းမှာ မြန်မာစစ်တပ်အပေါ် အမုန်းပွားမည်ကို  အစိုးရအာဏာပိုင်များက စိုးရိမ်သောကြောင့် ဟူသည်မှာ သံသယဖြစ်ဘွယ်မရှိ။ သို့ ဖြစ်လျှင် အစိုးရအာဏာပိုင်များသည် ပြစ်မှုကျူးလွန်မှုများကို ဖုံးကွယ်ခြင်းဖြစ်သွားသဖြင့် ပြစ်မှုကျူးလွန်မှုကို အားပေးသူ [v] အဖြစ်သို့ သက်ဆင်းသွားပါမည်။ ယင်းသို့ မဖြစ်သင့်ပါ။ အထူးသဖြင့် NLD အစိုးရသည် အမှန်တရားကိုဖုံးကွယ်၊ တရားမျှတမှု ရှာဖွေရေးကို ငြင်းပယ်နေသမျှ ၄င်း၏ ရွေးကောက်ပွဲကတိဖြစ်သော ဥပဒေစိုးမိုးရေးဟူသည်မှာ မည်သည့်အခါတွင်မျှ ဖြစ်လာဘွယ် မရှိပါ။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျာမန်များက ဂျူးလူမျိုးများအပေါ် ရက်စက်စွာ နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခဲ့မှု ကြီးများအားလည်း ရုပ်ရှင်ကားပေါင်းများစွာ ပြသခဲ့ပြီးကြပြီ။ ယင်းမှာ အမှန်တရားဖြစ်၍ပင်။ ဂျာမန်လူမျိုးများအပေါ် ဂျူးလူမျိုးတွေက မုန်းတည်းမည် စိုးရိမ်၍ ဟု ဆိုကာ တားဆီးပိတ်ပင်ခဲ့ခြင်း အလျှဉ်းမရှိ။
၁၉၉၄ ခုနှစ်တွင် ရ၀မ်ဒါ နိုင်ငံတွင် ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုကြီးနှင့်ပတ်သက်၍မူ နှစ်ပိုင်းရှိသည်။ ဟူတူ လူများစု သမတ ဟာဗျာရီမာနာ သတ်ဖြတ်ခံရပြီးနောက် ဟူတူအစိုးရက တူစီလူနည်းစုများအား လူမျိုးတုံးချေမှုန်းရန် ရေဒီယိုကို အသုံးပြု၍ လပေါင်းများစွာ တောက်လျှောက် လှုံ့ ဆော်မှု Incitement ပြုခဲ့ခြင်းကို (Hate Speech) ဟု သတ်မှတ်သည်။ လူမျိုးတုံးသတ်ဖြတ်မှုကြီးဖြစ်ပွားခဲ့ပြီးနောက် တူစီလူမျိုးများ မည်မျှအထိ အတိဒုက္ခရောက်ခဲ့ရ၊ သေကြ ကြေကြရပုံကို ရိုက်ကူးထားသော ရုပ်ရှင်ကားများကိုမူ ပြသခွင့်ပြုခဲ့သည်။ တားဆီးပိတ်ပင်ခဲ့ခြင်း မရှိပါ။ ယင်းမှာ အမှန်တရားဖြစ်သောကြောင့်ပင်။
တောင်အာဖရိက နိုင်ငံတွင်လည်း အလားတူပင်။ လူ့ အခွင့်အရေးချိုးဖေါက်ခံခဲ့ရမှုကြီးများအပေါ် အမှန်တရား ဖေါ်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်၏ အရေးယူဆောင်ရွက်ခဲ့မှုများ၊ လူ့ အခွင့်အရေးချိုးဖေါက်မှု ကျူးလွန်ခဲ့သူများက ၄င်းတို့ မည်သို့ မည်ပုံကျူးလွန်ခဲ့ပုံများအား ၀န်ခံထွက်ဆိုချက်များကို ဗွီဒီယိုမှတ်တမ်းခွေများ ထုတ်လုပ်၍ ပြသခဲ့ကြသည်။
သို့ ဖြစ်၍ အဆိုပါ အဖြစ်ဆိုးကြီးများမှနေ၍ သင်္ခန်းစာယူနိုင်ခဲ့ကြသည်။ စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်မှာ အတိတ်ကို လုံးဝ မေ့ထား၊ ပြည်ဖုံးကားချထားလိုက်ခြင်း မဟုတ်။ နိုင်ငံပေါင်းလေးဆယ်ခန့် တွင် အမှန်တရားဖေါ်ထုတ်ရေးကော်မရှင်များဖွဲ့ ကာ အတိတ်ကာလက ဖြစ်ပွားခဲ့သည့် လူ့ အခွင့်အရေးချိုးဖေါက်မှုတို့ ၏ အကြောင်းရင်းများကို ရှာဖွေခဲ့ကြသည်။ ဥပဒေစိုးမိုးမှုရစေရန်ဦးတည်ပြီး ပြစ်မှုကျူးလွန်သူများကိုအရေးယူတန်ယူခြင်း၊ ၀န်ခံသူများအား ခွင့်လွှတ်တန်ခွင့်လွှတ်ခြင်း၊ ပြစ်မှုကျူးလွန်ခံရသူများ၏ ဘ၀နစ်နာဆုံးရှုံးမှုများအား ရင်းစားပြန်လည်ရစေရန်ကုစားပေးခြင်း၊ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ကဗျည်းကျောက်စာ တိုင်စိုက်ထူခြင်းများပြုနိုင်ခဲ့ကြသည်။ စနစ်ဆိုးများကို ပယ်ရှားနိုင်ရေး တတ်နိုင်သမျှဆောင်ရွက်ခဲ့ကြသည်။
အထူးသဖြင့် နောင်ကို အလားတူပြစ်မှုကြီးမျိုးများ ထပ်မံမဖြစ်ပွားစေ၇န် တရားစီရင်ရေးအပါအ၀င် တိုင်းပြည်အဆောက်အအုံများ[vi]ကို ပြန်လည်ပြင်ဆင် ဖွဲ့ စည်းနိုင်ခဲ့ကြသည်။ လုံးဝ အပြစ်ကင်းသော ကျောင်းသားလူငယ်လေး တဦးဖြစ်သူ ကိုတင်မောင်ဦးအား ရာဇ၀င်လူဆိုးကြီးတဦးသဘွယ် နည်းလမ်းတကျ ကြိုးပေးသတ်ဖြတ်ခွင့်ရခဲ့ခြင်းမှာ လူထုက အားကိုးရမည့် တရားစီရင်ရေးယန္တရားသည် လွတ်လပ်မှု မရှိတော့ဘဲ မြန်မာစစ်အာဏာရှင်များအား ဒူးတုတ်ခယ နေကြရသောကြောင့်ဖြစ်သည်။ ယင်းတို့ နှင့် စပ်လျှဉ်း၍ အမှန်တရားဖေါ်ထုတ်ရန် လိုပါမည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရသည် ယခင်စစ်အစိုးရဟောင်း၏ အမွေကိုပင် ခံယူကျင့်သုံးကာ အမှန်တရားကို ဖုံးကွယ်၊ တရားမျှတမှုရှာဖွေရေး အားမျက်ကွယ်ပြုသည့် အစိုးရအနေဖြင့် သမိုင်းတွင် မှတ်တမ်း မကျန်ခဲ့သင့်ပါ။
လူ့ အခွင့်အရေးရှုဒေါင့်မှ ကြည့်လျှင် တူညီသောအချက်မှာ ဆလိုင်းတင်မောင်ဦး နှင့် စ၀်ကြာဆိုင်တို့ နှစ်ဦးလုံးသည် အသက်ရှင်သန်ပိုင်ခွင့်[vii] ဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်။ မတူညီသော အချက်မှာ မြန်မာစစ်အာဏာရှင်များက ဆလိုင်းတင်မောင်ဦးအပေါ် တိုင်းပြည်အဆောက်အအုံများကို အသုံးပြု၍ နည်းလမ်းတကျ လူ့ အခွင့်အရေးချိုးဖေါက်ခဲ့သည်။ စ၀်ကြာဆိုင်အပေါ်တွင်မူ တိုင်းပြည်အဆောက်အအုံများ သုံး၍ပင် ကျူးလွန်ခဲ့ကြသော်လည်း နည်းလမ်းတကျ မဟုတ်၊ ခိုးကြောင်ခိုးဝှက်နှင့် ဖြစ်သည်။
ဆလိုင်းတင်မောင်ဦး၊ စ၀်ကြာဆိုင် နှင့် ကချင်ဆရာမကလေး နှစ်ဦးတို့ သည် မတူသောအချိန်၊ မတူသော နေရာတို့ တွင် ကျူးလွန်ခံခဲ့ကြရသော်လည်း တူညီသည့် အချက်တခုရှိသည်။ ယင်းမှာ မြန်မာစစ်အာဏာရှင်များက အကြောက်တရား ဖန်တည်းလိုက်ခြင်းပင်။ ကချင်ဆရာမကလေး နှစ်ဦးအပေါ် အရက်စက်ဆုံးကျူးလွန်ပြလိုက်ခြင်းဖြင့် ကေအိုင်အို နှင့် ကချင်တော်လှန်ရေးအပေါ် ထောက်ခံမှုသိသိသာသာ ပြလာသော ကချင်လူထု၊ အထူးသဖြင့် လူငယ်ထုအား ဦးချိုးပြလိုက်ခြင်ပုံ ရှိသည်။ ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်လိုက်ခြင်းဖြင့် တပြည်လုံးရှိ ကျောင်းသားထုတရပ်လုံး တုန်လှုပ်ပြီး ငြိမ်ကျသွားစေရန် ရည်ရွယ်ခဲ့ပုံပေါ်သည်။ သီပေါ စော်ဘွား စ၀်ကြာဆိုင်ကို လုပ်ကြံလိုက်ခြင်းဖြင့် ရှမ်းပြည်တပြည်လုံးရှိ အမျိုးသားစိတ်ထက်သန်သော ရှမ်းလူထုကို ခြိမ်းခြောက် လိုက်ရာရောက်သည်။
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး နှင့် သီပေါ်စော်ဘွားစ၀်ကြာဆိုင်တို့ ၏ ဖြစ်ရပ်များအနက် တူညီမှုများကို အထက်တွင် နိုင်းယှဉ်ပြခဲ့ပါပြီ။ ကွဲပြားမှုများကိုလည်း ယှဉ်တွဲလေ့လာရန်လိုပါမည်။
စ၀်ကြာဆိုင်က စစ်အာဏာရှင်စနစ်၏ သားကောင်ဘ၀ သို့ အမှတ်မထင်ကျရောက်သွားခဲ့ခြင်းဖြစ်သည်။ ဆလိုင်းတင်မောင်ဦး က စစ်အာဏာရှင်စနစ် ၏ ဆိုးဝါးယုတ်မာမှုကို ကောင်းမွန်စွာသိရှိသဖြင့် ပြတ်ပြတ်သားသား ဆန့် ကျင်တိုက်ပွဲဝင်ရင်း ၄င်းတို့ ၏ လက်တွင်း သို့ ရောက်ရှိသွားခဲ့ရသည်။
“မင်းတို့ ငါ့ ခန္ဓာကိုယ်ကိုသာ သတ်လို့ ရမယ်။ ငါ့ ရဲ့ ယုံကြည်ချက် နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ။”  ဟူ၍ သတ္တိရှိစွာ ကြိုးစင်ပေါ်မှနေ၍ ရာဇ၀င်တွင်အောင် ကြွေးကြော်သွားခဲ့သူ ဖြစ်သည်။ ကျောင်းသားလှုပ်ရှားမှု သမိုင်းတွင် သတ္တိအရှိ ဆုံးသော ကျောင်းသားခေါင်းဆောင်အဖြစ် သက်သေထူသွားခဲ့သူဖြစ်သည်။
စ၀်ကြာဆိုင်သည် ရှမ်းအမျိုးသားရေးစိတ်ဓါတ်ရှိသူဖြစ်ကြောင်း သေချာသော်လည်း ၄င်း၏ ပြည်ထောင်စုအမြင်ကိုမူ လေ့လာခွင့်မရခဲ့ပါ။ ကိုတင်မောင်ဦးတွင်မူ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးစိတ်ဓါတ်အပြည့်အ၀ရှိခဲ့သည်မှာ မူ သေချာသည်။ ဆိုရှယ်လစ်စနစ်ကို အယောင်ပြပြီး စစ်အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့သည့် ဗိုလ်နေ၀င်းအား ဆလိုင်းကိုတင်မောင်ဦးက “ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားရောင်းသူ” အဖြစ် ကင်ပွန်းတပ်ခဲ့သည်။ ၂၀၁၆ ခုနှစ် မေလ ၁၉ ရက်နေ့ မြန်မာစစ်တပ်၏ သတင်းစာရှင်းလင်းပွဲ၌ ကာချုပ်မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့ စည်းပုံသည် ဖက်ဒရယ် အခြေခံများကို ချမှတ်ထားပြီးကြောင်း ရည်ညွှန်းပြောဆိုသွားခဲ့သည်။
တကမ္ဘာလုံးရှိ မည်သည့် ဖက်ဒရယ်နိုင်ငံမှာမျှ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကဲ့သို့ စစ်အာဏာရှင်စနစ်ကို ဖွဲ့ စည်းပုံတွင် ထည့်သွင်း ပြဌာန်းကျင့်သုံးခြင်း မရှိပါ။  ကိုတင်မောင်ဦးသာ အသက်ထင်ရှားရှိသေးလျှင် ၄င်းအား “ဖက်ဒရယ်ခေါင်း ကို ချိတ်ပြီး ခွေးသားရောင်းသူ” အနေဖြင့် ဆက်လက် ကင်ပွန်း တပ်ဘွယ်ရှိသည်။
ဆလိုင်း ကိုတင်မောင်ဦး နှင့် စ၀်ကြာဆိုင်တို့ နှစ်ဦးလုံး ဗိုလ်နေ၀င်း လက်ချက်နှင့် အသက်စွန့် သွားကြရပြီး နောက် ကျန်ရစ်သူ မိသားစုအပေါ်ရိုက်ခတ်ရာတွင် နာကျင်ခံစားရမှုများ တူညီနိုင်သော်လည်း ပြင်းထန်မှုမှာ ကွဲပြားပါသည်။
Twilight Over Burma ရုပ်ရှင်၏ ဇာတ်သိမ်းခန်းတွင် လှေကားပေါ်တထစ်ချင်း နင်း၍ အပေါ်ထပ်သို့ လှမ်းတက်နေသော ဗိုလ်ချုပ်နေ၀င်းအား “ကျမ ခင်ပွန်း ဘယ်မှာလဲ။ ရှင် မတော်မတရားလုပ်ပြီး သတ်ပစ်လိုက်တာ မဟုတ်လား။ ဗိုလ်နေ၀င်း ရှင် ကျမကို ဖြေပါ” ဟူ၍ စ၀်ကြာဆိုင်၏ ဇနီးသည် မဟာဒေ၀ီက ခလေးနှစ်ဦးကို လက်ဆွဲကာ ကိုယ်တိုင်မေးမြန်းခွင့်ရခဲ့၊ မချိတင်ကဲ ရင်တွင်းခံစားချက်များကို ကြေကွဲမှု အပြည့်ဖြင့် တစုံတရာ ပေါက်ကွဲခွင့်ရလိုက်
သည်ကို ကြည့်လိုက်ရသည်။ လှပဖြူစင်သော အိမ်ထောင်ရှင် ဘ၀ကြင်ဖော်နှစ်ဦး၏ ချစ်ခြင်းမေတ္တာနောက်ခံတွင် ရှမ်းစော်ဘွား စ၀်ကြာဆိုင်၏ ရင်နင့်ဘွယ်ဘ၀ဖြစ်စဉ် ရုပ်ရှင်သည် ဤနေရာတွင် ပြီးဆုံးသွားခဲ့ပါသည်။
ဆလိုင်းတင်မောင်ဦးနှင့် ၄င်း၏ ကျန်ရစ်သူ မိသားစုများ၏ ကံကြမ္မာမှာ ထို့ ထက် အဆများစွာ ပို၍ ဆိုးဝါးခဲ့သည်။ ဇာတ်လမ်း၏ အဆုံးသတ်တွင်လည်း ပို၍ ကြေကွဲဘွယ်ဖြစ်သည်။ ၁၉၆၂ ခုနှစ်မတ်လ(၂) ရက်နေ့ မှ စတင်ကာ စစ်အာဏာရှင်စနစ် အား ရဲဝံပြတ်သားစွာ ဆန့် ကျင်တိုက်ပွဲဝင်ခဲ့ကြခြင်းကြောင့် မိသားစုအလိုက် ခံစားကြရသူများအနက် မြန်မာနိုင်ငံသမိုင်းတွင် ဆလိုင်းတင်မောင်ဦး၏ မိသားစုသည် အဆိုးဝါး အပြင်းထန်ဆုံးဟု ဆိုနိုင်သည်။
အထက်တန်းကျောင်းတက်နေဆဲဖြစ်သော ညီမဖြစ်သူ မလှမြိုင် နှင့် ညီ ကိုလှရွှေတို့ သည် ၄င်းတို့ ၏ အကိုကြီး တက္ကသိုလ်ကျောင်းသား ကိုတင်မောင်ဦး၏ ခြေရာကို လိုက်နင်းခဲ့ကြသည်။ အကိုကြီး အဖမ်းခံရပြီးနောက်ကျောင်းသား ဆန္ဒပြပွဲများကို ဆက်လက်ဦးဆောင်ကာ စစ်အာဏာရှင်စနစ်ကို အံတုခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် မိသားစု တစုလုံးသည် စစ်အာဏာရှင်များ၏ရက်စက်စွာတုန့် ပြန်မှုကို ခံခဲ့ကြရသည်။ မလှမြိုင်နှင့်ကိုလှရွှေတို့ အား ထောင်ဒဏ် (၉) နှစ် နှင့် (၇) နှစ်စီ ချမှတ်ခဲ့သည်။ မိဘနှစ်ပါးကို ပါဖမ်းဆီးပြီး တဦးလျှင်ထောင်ဒဏ်(၅)နှစ်စီ စီရင်ခဲ့သည်။ လူမမယ်အရွယ် ညီငယ်လေးတဦးဖြစ်သူကိုလည်း ထောင်ထဲတွင် ရှစ်လမျှ ချုပ်နှောင်ထားခဲ့သည်။ ကိုတင်မောင်ဦး ကိုသေဒဏ်ပေးကာ ကွပ်မျက်ခဲ့သည်။
စ၀်ကြာဆိုင်ကဲ့သို့ ပင် ကိုတင်မောင်ဦး၏ ဘ၀ဇာတ်လမ်းမှာ ကြီးမားသည့် ချစ်ခြင်းမေတ္တာနောက်ခံပင် ဖြစ်သော်လည်း လင်ချစ် မယားချစ်ကို အခြေမခံ၊ ၀တ္တုဇာတ်လမ်းမဆန်ပါ။ ရိုးသားဖြူစင်သော ၅၂၈ သွယ်အပေါ် အခြေခံသည့် မိသားစု ချစ်ခြင်းမေတ္တာဖြစ်ပါသည်။
ကြိုးဒဏ်မစီရင်မီ တရက်အလို အကျဉ်းထောင်ငရဲခန်းငယ် တခုအတွင်း ၌ မိခင်ဖြစ်သူအား တွေ့ ဆုံခွင့်ရသောအခါ အကြောက်တရား ကင်းမဲ့ကာ ခိုင်မာပြတ်သားလှသည့်ကျောင်းသားခေါင်းဆောင်အနေဖြင့် ကျော်ကြားသော ဆလိုင်းတင်မောင်ဦး မျက်ရည် ဖြိုင်ဖြိုင်ကျခဲ့သည်။ အပြစ်ကင်းမဲ့သော မိခင်ကို အချုပ်အနှောင်ဖြင့် တွေ့ လိုက်ရသည့်အပြင် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်အောင် လုပ်သွားမည်ဟု မိခင်အား ပေးထားခဲ့သည့် ကတိကို ပြီးဆုံးအောင် လုပ်ဆောင်ခွင့်မရနိုင်တော့သောကြောင့်လည်း ဖြစ်နိုင်သည်။ သားသည် အလွန်တိုတောင်းလှသော အချိန်အတွင်း ကြိုးပေးခံရပါတော့မည်။ သားကို လာရောက်တွေ့ ဆုံသည့် မိခင်ကိုယ်တိုင်သည်လည်း အချုပ်အနှောင်ခံနေရသည်။ ကမ္ဘာကြီးတွင် တရားမျှတမှု မရှိတော့ပါ။ ချစ်ခြင်းမေတ္တာ တခုတည်းသာ ရှိပါတော့သည်။
ထိုခဏ၌ မိသားစုနှင့် လူ့ အဖွဲ့ အစည်းအပေါ်ထားရှိသည့် ဆလိုင်းတင်မောင်ဦး၏ အချစ်သည် ပြည့်လျှမ်းနေမည် မုချဖြစ်သည်။ နှလုံးသားသည်ပျော်ဆင်းသွားခဲ့ရပါပြီ။ ဤမျှ အားမာန်တက်ကြွ၊ ယောက်ျားပီသလှ သော ဆလိုင်းတင်မောင်ဦးအား မျက်ရည်သွယ်သွယ်ကျစေသည့်အရာသည် အဘယ်နည်း။ ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ သူချစ်သော ကျောင်းသားရဲဘော်များကိုလည်းကောင်း၊ မိဘနှစ်ပါး နှင့် ညီငယ်၊ ညီမငယ်များကိုလည်းကောင်း ခွဲရပါ တော့မည်။ ဤအသိသည် သူ၏ ရင်ကို လှိုက်ခါလာစေပုံ ရှိသည်။ သူ၏ မျက်ရည်များသည် ချစ်ခြင်းမေတ္တာ၏ အမှတ်အသားများ ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် လောက၏တန်ဘိုးဖြစ်သလို လောက၏ ဘာသာစကားလည်း ဖြစ်သည်။
ထိုအချိန်က သူ၏ မိခင်ကို ပြောကြားလိုက်နိုင်သော စကားလုံးမှာ မိခင်၏ ကျမ္မာရေးကို ဂရုစိုက်ရန် ဟူ၍သာ ဖြစ်ခဲ့သည်။ ထို့ နောက် မိခင်သည်လည်း ပုံလဲကျသွားခဲ့သည်။ အရာရာတိုင်း ပြီးဆုံးသွားခဲ့ပါပြီ။ မိခင်၏ မျက်နှာကို ကြည့်ကာ တိုတောင်းလွန်းလှသော အချိန်ကို သုံး၍မှ မ၀ခင် ထောင်အာဏာပိုင်များသည် မိခင်အား ကိုတင်မောင်ဦး၏ ရှေ့ မှောက်မှ ဆွဲထုတ်သွားခဲ့ကြသည်။ မိခင်အား ခေါ်ဆောင်သွားကြသည့် မြင်ကွင်းကို မျက်ရည် ပြည့်သော မျက်လုံးများဖြင့် စိုးရိမ်ပူပန်စွာ ငေးစိုက်ကြည့်နေရင်း ကိုတင်မောင်ဦး တယောက်တည်း ကျန်ခဲ့သည်။ သူ့ ဘ၀တသက်တာ၏ နောက်ဆုံးအချိန်တွင် အလှပဆုံးသော အရာကို သူ တွေ့ မြင်ခဲ့သည်မှာ သူ့ မိခင်၏ မျက်နှာ  ဖြစ်သည်။သားနှင့် မိခင်တို့ အတူတကွ တွေ့ ဆုံခဲ့ကြရသည်မှာ မိနစ်ပိုင်း စဉ်းငယ်မျှသာ ဖြစ်သော်လည်း ယင်းအချိန်ကလေးမှာ မည်သည့်အရာနှင့် မျှ မလဲနိုင်အောင် တန်ဘိုး ကြီးမားလှပြီး လောကကို လွှမ်းခြုံသည့် အသွင်ဆောင်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်တည်ရှိနေသမျှကာလ ပတ်လုံး ဆလိုင်းတင်မောင်ဦး၏ အမည်၊ ရဲစွမ်း သတ္တိ၊ ခိုင်ကျည်သော ခံယူချက်၊ ပြတ်သားသောရပ်တည်မှု နှင့် စွန့် လွှတ်စွန့် စားမှုများသည် အမြဲတစေ နိုးထရှင်သန် နေဦးမည်သာ ဖြစ်ပါသည်။
(ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကျဆုံးသွားသည့် နှစ်လေးဆယ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဤဆောင်းပါးကိုရေးသားရင်း ကိုတင်မောင်ဦးကို လည်းကောင်း၊ ၄င်း၏မိသားစုဝင်များ အားလုံးကို လည်းကောင်း၊ ကိုတင်မောင်ဦးနှင့် အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသည့် ထိုခေတ်က ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ ဂုဏ်ပြုပါသည်။)
          ဦးအောင်ထူး
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
ကျောင်းအုပ်ကြီး၊ ဖက်ဒရယ် ဥပဒေအကယ်ဒမီ                                    ၂၀၁၆ ခုနှစ် ဇွန်လ ၂၁ ရက်
E.mail: legalaidnetwork@gmail.com
Website: legalaidnetwork.org
Tel (46) 76 1156  215
——————————————————
[i] The Right to Seek the Truth
[ii] The Right to Uncover the Truth
[iii] The Right to Freedom of Expression
[iv] There is an imminent likelihood of immediate lawless action.
[v] Abettor
[vi] State Institutions
[vii] The Right to Life
Leave a Reply
Your email address will not be published.