ငြိမ်းချမ်းရေး စစ်တမ်း (၂၀) – ၂၁ ရာစု ပင်လုံညီလာခံအား ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်စနစ် ရှုဒေါင့်မှ သုံးသပ်ခြင်း
U Aung Htoo
မြန်မာတွင် ဆိုရိုးစကား နှစ်ခုရှိသည်။ တခုမှာ “မြှော်လင့်တုံး ကျော့ဆုံးလာချေပြီ။” ဟူ၍ဖြစ်သည်။ မိမိမြှော်လင့်စောင့်စားနေသော ချစ်သူ ရောက်ရှိလာပြီ ဟူ၍လည်းကောင်း၊ မြှော်လင့်သည့် အတိုင်းဖြစ်လာပြီ ဟူ၍လည်းကောင်း ၀မ်းမြောက်စွာရည်ညွှန်းသည့် သဘောကို ဆိုလိုသည်။ အခြားတခုမှာ “တိမ်ကြားမင်းခေါင် က ငှက်ပျောတောထဲက ထွက်လာတယ်။” ဟူ၍ ဖြစ်သည်။ တိုင်းပြည်ကိုအုပ်စိုးမည့် မင်းလောင်းသည် ကောင်းကင်မှနေ၍ တိမ်ကိုစီးကာ ထွက်ပေါ်လာလိမ့်မည်ဟု ပြည်သူလူထုကမြှော်လင့်စောင့်စားနေခဲ့ကြသည်။ လက်တွေ့ တွင်မူမင်းလောင်းသည်မြေပြင် ငှက်ပျောတော ထဲမှနေကာ လေးဘက်ထောက်ပြီး ထွက်လာခဲ့သည်။ ထိုအခါ ပြည်သူလူထု၏ စိတ်ပျက်မှုကို ဖေါ်ကျူးသည့် သဘောဆောင်သည်။
.
၂၁ ရာစု ပင်လုံညီလာခံသည် “မြှော်လင့်တုံး ကျော့ဆုံးလာခြင်း” ဖြစ်သလား၊ “တိမ်ကြားမင်းခေါင်” ဇာတ်ခင်း နေခြင်း ဖြစ်သလားဟူသည်ကို ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်စနစ်ရှုဒေါင့်မှ သုံးသပ်ရပါမည်။ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖိုအနဂ္ဃထိုက်တန်သည့် “ပင်လုံ” ဟူသော အမည်ကို အဘယ်ကြောင့် ဒုတိယအကြိမ်ထပ်သုံးကာ ညီလာခံကျင်းပရပြန်သနည်း။ လူ့ အဖွဲ့ အစည်းကို အုတ်မြစ်ချသည့် စာချုပ်သည် တခုတည်းသာ ရှိရပါမည်။ သာဓကအားဖြင့် ကမ္ဘာ့ ငြိမ်းချမ်းေ၇းကို တည်ဆောက်ရန် ဦးတည်ချုပ်ဆိုသော ကုလသမဂ္ဂ ပဋိဥာဉ်စာတမ်း[1] ကိုကြည့်ပါ။ ယင်း၏ ဝေါဟာရများကို နားမလည်သေး၊ မရှင်းသေးလျှင် အစည်းအဝေး အမြောက်အများကျင်းပကာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း အမျိုးမျိုးပြုနိုင်သည်။ သို့ ရာတွင် ကုလသမဂ္ဂ ပဋိဥာဉ် စာတမ်း ဟူသောအမည်ဖြင့် ပထမ စာချုပ်ကြီးတည်ရှိနေသမျှ ဒုတိယ စာချုပ်ချုပ်ဆို၍ မရနိုင်ပါ။
.
ဆွစ်ဇာလန် အား ပြည်နယ်[2] သုံးခု တို့ စုပေါင်းကာ ပြည်ထောင်စု နိုင်ငံအဖြစ် စတင် တည်ထောင်ခဲ့သည့် ဖက်ဒရယ်စာချုပ် (Federal Charter) ကို ၁၂၉၁ ခုနှစ်တွင် ချုပ်ဆိုခဲ့သည်။ အလားတူ အမည်ဖြင့် ထပ်မံ၍ ညီလာခံ ခေါ်ယူခြင်း၊ စာချုပ်သစ် ချုပ်ဆိုခြင်းတို့ မပြုသလို၊ မူရင်းစာချုပ်ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မပြုခဲ့ပါ။ ဆွစ်ဇာလန်နိုင်ငံတွင် ပြည်ထောင်စုဆိုင်ရာ နောက်ထပ်ချုပ်ဆိုသော စာချုပ်များသည် ဆက်စပ်မှုရှိသော်လည်း အကြောင်းအရာ အသစ်များ၊ ခေါင်းစဉ်အသစ်များ ဖြစ်သည်။ မူရင်းအမည်ကို ထပ်မံသုံးစွဲကာ စာချုပ်ချုပ်ဆိုခြင်းမပြု။ သမိုင်း၏ အမွေအနှစ်ဖြစ်သော ဖက်ဒရယ်စာချုပ် သည် တခုတည်းအနေဖြင့် အမည်ရော အနှစ်သာရပါ မူရင်းအတိုင်းပင် ရှိနေဆဲဖြစ်သည်။
.
မလေးရှားနိုင်ငံ၏ အတွေ့ အကြုံသည်လည်း အလားတူဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် မလေးယား၊ ဆားဘား၊ ဆားရ၀ပ် နှင့် စင်္ကာပူ တို့ ပူးပေါင်းပြီး မလေးရှားသဘောတူညီချက်[3] ကို ချုပ်ဆိုကာ မလေးရှားဖက်ဒရယ်နိုင်ငံတည် ဆောက်လာခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စင်္ကာပူက ခွဲထွက်သွားခဲ့သည်။ သို့ ရာတွင် မလေးရှားသဘောတူညီချက်သည် ထိုအတိုင်းပင် ဆက်ရှိနေသည်။ ကျန်သည့်ပြည်နယ်နှစ်ခုဖြစ်သော ဆားဘား နှင့် ဆားရ၀ပ် တို့ သည် ၄င်းတို့ အခွင့် အရေး နစ်နာဆုံးရှုံးသည်ဟု ယူဆသည့်အခါအတိုင်း မလေးရှား သဘောတူညီချက်ကို ကိုးကားကာ ဗဟိုအစိုးရကို အရေးဆိုလေ့ရှိသည်။ သို့ ရာတွင် အလားတူ အမည်ဖြင့် ထပ်မံ၍ ညီလာခံခေါ်ယူခြင်း၊ စာချုပ်သစ် ချုပ်ဆိုခြင်းတို့ မပြုသလို၊ မူရင်းစာချုပ်ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မပြုခဲ့ပါ။
.
“ပင်လုံစာချုပ်” သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တခုတည်းသော အခိုင်အမာ စာချုပ်ကြီး ဖြစ်သည်။ ယနေ့ အချိန်အထိ ဥပဒေကြောင်းအရ တရားဝင်အတည်ဖြစ်လျှက်ရှိသည်။ မည်သူမျှ ငြင်း၍မရ။ “ပင်လုံစာချုပ်” တွင် ဖေါ်ပြထားသောဝေါဟာရများအား နားမလည်သေးလျှင်၊ မရှင်းသေးလျှင် အဓိပ္ပါယ်ဖွင့်ဆိုခြင်းများ အမျိုးမျိုးပြုနိုင်သည်။ သို့ ရာတွင် “ပင်လုံစာချုပ်” ဟူသော အမည်ဖြင့် ပထမ စာချုပ်ကြီးတည်ရှိနေသမျှ “ပင်လုံ” ဟူသော အမည်ကို ထပ်မံသုံးစွဲကာ မည်သူဖြစ်စေ၊ မည်သည့်အဖွဲ့ အစည်းဖြစ်စေ၊နောက်ထပ်စာချုပ်တရပ်ချုပ်ဆိုရန်၊ သဘောတူညီချက်များ ပေါ်ထွက်လာရန် ကြိုးပမ်းခွင့်မရှိ။ ပင်လုံအမည်ကိုသုံးကာ ဒုတိယ စာချုပ်ချုပ်ဆိုခြင်းမျိုး မပြုသင့်။
.
ပင်လုံဟူသောအမည်ဖြင့် နောက်ထပ်ညီလာခံတရပ် ကျင်းပရန်အားထုတ် ခြင်းမှာမြန်မာနိုင်ငံပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖိုအနဂ္ဃထိုက်တန်စွာ တည်ရှိခဲ့ပြီးဖြစ်သော”ပင်လုံစာချုပ်” ကြီးအား နိုင်ငံရေးအရ ပစ်ပယ်ရာရောက်သည်။ ဥပဒေကြောင်းအရ ပြက်ရယ်ပြုရာရောက်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ စာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့်တိုင်းရင်းသားခေါင်းဆောင်ကြီးများအား စော်ကားလိုက်ရာရောက်သည်။ ၄င်းတို့ ကို ပခုံးချင်းယှဉ်ပြီး ၄င်းတို့ လက်နှင့်ရေးခဲ့သည်ကို ချေနှင့်ဖျက်ရန် ကြိုးပမ်းရာရောက်သည်။
.
သို့ ဖြစ်၍ ဒုတိယ အကြိမ်ပင်လုံညီလာခံဟူသောခေါင်းစဉ်ဖြင့် ညီလာခံတရပ်ခေါ်ယူရန် ကြိုးပမ်းလျှက်ရှိသော NLD အစိုးရအနေဖြင့် ဥပဒေကြောင်းအရ မေးခွန်းအချို့ ကို ဖြေကြားရှင်းလင်းရန် တာဝန်ရှိသည်။ ပထမ မေးခွန်းမှာ မူရင်း “ပင်လုံစာချုပ်” ကြီး၏ တရားဝင်မှုကို အမှန်တကယ် အသိအမှတ်ပြုပါသလား ဟူ၍ဖြစ်သည်။ အသိအမှတ်မပြုဟု ဆိုလျှင်အဘယ်ကြောင့်ဟူသည်ကို ရှင်းပြရပါမည်။ NLD အစိုးရ၏ ရှင်းပြချက်အပေါ် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုက လက်ခံကြပါမူ နောက်ထပ် ညီလာခံတခုကျင်းပခြင်းကို လက်ခံနိုင်ဘွယ်ရှိသည်။
.
မူရင်း “ပင်လုံစာချုပ်” ကြီး၏ တရားဝင်မှုကို အသိအမှတ်ပြုသည်ဟု ဆိုပါမူ ဒုတိယ မေးခွန်းဆက်မေးရန် လို ပါမည်။ ယင်းမှာ ဒုတိယ အကြိမ်ပင်လုံညီလာခံ ကျင်းပပြီးနောက် ပေါ်ထွက်လာသည့် သဘောတူညီချက်များသည် မူရင်း “ပင်လုံစာချုပ်” ကြီးပါ သဘောတူညီချက်များနှင့် ဆန့် ကျင်နေပါက မည်သည်ကို အတည်ယူမည်နည်း ဟူ၍ ဖြစ်သည်။  ၂၁ ရာစုဟူသောခေါင်းစဉ်သစ်တပ်ပြီး ဒုတိယအကြိမ်ကျင်းပမည့် ပင်လုံညီလာခံ၏ သဘောတူညီချက်များအား အတည်ယူမည်ဆိုပါက မူရင်း “ပင်လုံစာချုပ်” ကြီးပါ သဘောတူညီချက်များကို ပယ်ဖျက်လိုက်ရတော့မည်မှာ သေချာနေသည်။ ဥပဒေသဘောအရ ဟိုတခုက နဲနဲယူ၊ သည်တခုက နည်းနည်းယူ လုပ်၍မရပါ။ ယင်းသို့ ဆိုပါက ယင်းညီလာခံမကျင်းပမှီမှာပင် တိုင်းရင်းသားခေါင်းဆောင်များနှင့် အဖွဲ့ အစည်းများအား ဤအခြေခံကို ရှင်းပြကာ ၄င်းတို့ ၏ ကြိုတင်သဘောတူညီချက်ကို ယူထား၇န်လိုပါမည်။
.
သို့ ရာတွင် မူရင်း “ပင်လုံစာချုပ်” ကြီးပါ သဘောတူညီချက်များကို အတည်ယူမည်ဆိုပါက ပင်လုံဟူသော အမည်ကို အသုံးပြု၍ ဒုတိယအကြိမ်ညီလာခံ ကျင်းပရန်အကြောင်းမရှိတော့ပါ။ တဖန် “ပင်လုံစာချုပ်” ကြီးပါ သဘောတူညီချက်များကို အတည်ယူသော်လည်း ယင်း၏ အနှစ်သာရများကို မဖေါ်ဆောင်ရသေးသဖြင့် ဖေါ်ဆောင်လိုသော ဦးတည်ချက်ဖြင့် ညီလာခံခေါ်ယူမည် ဆိုလျှင်မူ ပင်လုံအမည်ဖြင့် ခေါ်ခွင့်ရှိပါမည်။ သို့ ရာတွင် ခေါင်းစဉ်တွင် ၂၁ ရာစု ထည့်ရန်မလိုပါ။ ၂၁ ရာစု ထည့် လိုက်ခြင်းအားဖြင့် ၂၀ ရာစုနှစ်အတွင်းက ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” ကြီးမှာ ခေတ်မမှီတော့သလိုလို သဘော အဓိပ္ပါယ်ဆောင်သွားပါတော့သည်။ မူလ “ပင်လုံစာချုပ်” ကြီး၏ အနှစ်သာရသည် ပြည်ထောင်စု အတွက်အုတ်မြစ် ကောင်းအနေဖြင့် အချိန်အခါမရွေးဆက်လက်တည်ရှိနေပါမည်။ သို့ ဖြစ်၍ ပင်လုံအမည်နာမ ကို သုံးစွဲပြီး ညီလာခံကျင်းပလိုပါမူ “ပင်လုံစာချုပ်ဖေါ်ဆောင်ရေး ညီလာခံ” ဟူသောအမည်နှင့်သာ ကျင်းပသင့်သည်။ တိုင်းရင်းသားခေါင်းဆောင်များ အားလုံး ၀မ်းမြောက်ဝမ်းသာ တက်ကြဘွယ်ရှိသည်။
.
.
တတိယမေးခွန်းမှာ ကိုယ်စားပြုမှုပြသနာနှင့် ဆိုင်သည်။ မူရင်း ပင်လုံညီလာခံ ကို တက်ရောက်ခဲ့ကြစဉ်က ရှမ်းခေါင်းဆောင်များသည် ရှမ်းလူမျိုးကို သာမက ရှမ်းပြည်နယ်ကို ကိုယ်စားပြုခဲ့သည့်သဘောဆောင်သည်။ ကချင်ခေါင်းဆောင်များ သည် ကချင်လူမျိုးကိုသာမက ကချင်ပြည်နယ်ကို ကိုယ်စားပြုသည့် သဘောဆောင်သည်။ ချင်းခေါင်းဆောင်များသည် ချင်းလူမျိုးကိုသာမက ချင်းဒေသကြီးတခုလုံးကို ကိုယ်စားပြုခဲ့သည့် သဘောဆောင်သည်။ ဗိုလ်ချုပ် အောင်ဆန်းသည် ကျန်သည့် မြေပြန့် နှင့် တောင်တန်းဒေသများတွင် အခြေစိုက်နေထိုင်လျှက်ရှိကြသော တိုင်းရင်းသား ပေါင်းစုံကိုသာမက ရှမ်း၊ ကချင်၊ ချင်းတို့ မှ လွဲ၍ ကျန်သည့် ဒေသကြီးတခုလုံးကို ယေဘုယျအားဖြင့် ကိုယ်စားပြုသည့် သဘောဆောင်ခဲ့သည်။ (ကရင်နီပြည် ကိုမူ ၄င်း၏ ထူးခြားချက်အရ သီးခြားစဉ်းစားရပါမည်။)
.
ယခု ၂၁ ရာစုပင်လုံညီလာခံတွင် ကိုယ်စားပြုမှုပြသနာကို မည်သို့ ရှင်းမည်နည်း။ သက်ဆိုင်ရာ ပြည်နယ်များ ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအသီးသီး တို့ သည် ၄င်းတို့ အခြေစိုက်လှုပ်ရှားရာ ပြည်နယ်များကို ကိုယ်စားပြုသည့် အဖွဲ့ အစည်းများဟု မှတ်ယူပါမည်လား။ သက်ဆိုင်ရာ ပြည်နယ်အသီးသီးကို ကိုယ်စားပြု၍ ပြည်ထောင်စု တည်ဆောက်ရေး စာချုပ်တွင် လက်မှတ်ရေးထိုးချုပ်ဆိုခွင့်ရှိမည်လား။ ပြည်နယ်တခုတည်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ထက်ပို၍ရှိမည် ဆိုကြပါစို့ ။ ယခုလက်မှတ်ရေးထိုးချုပ်ဆိုမည့် စာချုပ်သစ်ကို တဖွဲ့ က သဘောတူညီပြီး အခြားတဖွဲ့ က သဘောမတူဆိုပါက မည်သို့ ရှိမည်နည်း။
.
အချို့ ပြည်နယ်များတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ အမတ် နေရာအတော်များများ ရွေးချယ်ခံထားရသော နိုင်ငံရေးပါတီများလည်း ရှိနေကြသည်။ ပြည်နယ်တခုတည်းအတွင်း မှာပင် အဆိုပါ တိုင်းရင်းသား နိုင်ငံရေးပါတီများ နှင့် လက်နက်ကိုင်အဖွဲ့ အစည်းများ၏ အကြားတွင် သဘောထားအမြင် ရပ်တည်ချက်ခြင်း မတူဟု ဆိုပါက မည်သည်ကို အဓိကဟုသတ်မှတ်ကာ ပြည်နယ်ကိုယ်စားပြုအနေဖြင့် သဘောတူညီချက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုစေမည်နည်း။ ပြည်နယ်ကိုယ်စားပြုပြသနာကို ရှင်းသွားနိုင်စေရန် ပြည်နယ်အသီးသီးတွင် (တခြမ်းပဲ့ NCA ကို လက်မှတ်ထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ) သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် ပြည်နယ်လူထုများ လွတ်လပ်ပွင့်လင်းစွာ တွေ့ ဆုံဆွေးနွေး အဖြေရှာခွင့် ပြုမည်လား။ ယင်းတို့ နှင့် စပ်လျှဉ်း၍ NLD အစိုးရ နှင့် မြန်မာစစ်တပ်ထံမှ ရှင်းလင်းသော ဖြေကြားချက်များရရှိရန် လိုပါမည်။
.
စတုတ္ထမေးခွန်းမှာ မူရင်း “ပင်လုံစာချုပ်” ကြီး အား ချုပ်ဆိုခဲ့ကြစဉ်က တည်ရှိခဲ့သော နိုင်ငံရေးနောက်ခံ အခြေအနေအား NLD အစိုးရနှင့်  မြန်မာစစ်တပ်က လက်ခံ၊မခံ ဟူ၍ ဖြစ်သည်။ မူရင်း “ပင်လုံစာချုပ်” ကြီးအား ချုပ်ဆိုရန်ကြိုးပမ်းခဲ့ကြစဉ်က စာချုပ်လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားခေါင်းဆောင်များတွင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိခဲ့သည်။ စာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခြင်းမပြု၊ ပြည်ထောင်စုတွင် မပါဝင်ဘဲနေမည်ဆိုပါကနေခွင့်ရှိခဲ့သည်။ အင်္ဂလိပ်လက်အောက်တွင် ဆက်နေကာ ကိုယ့်ဖာသာကိုယ်အင်္ဂလိပ်ထံမှလွတ်လပ်ရေးရအောင်တောင်းဆို တိုက်ပွဲဝင်ပြီး သီးခြား နိုင်ငံတည်ထောင်ခွင့်ရခဲ့ သည်။ ၂၁ ရာစု ပင်လုံညီလာခံကျင်းပပြီး ပေါ်ထွက်လာသည့် သဘော တူညီချက်(မူကြမ်း)များအား  တက်ရောက်ဆွေးနွေးတောင်းဆိုခွင့် ရကြသော တိုင်းရင်းသားတော်လှန်ရေး နှင့် နိုင်ငံရေး အဖွဲ့ အစည်းများက လက်မခံနိုင်ဆိုကြပါစို့ ။ ၄င်းတို့ ကိုယ်စားပြုသည့် ပြည်နယ်များအနေဖြင့် ပြည်ထောင်စု အတွင်း ဆက်လက်မပါဝင်ဘဲ နေခွင့်ရကြမည်လား။ ယင်း အခြေအနေကို ခွင့်မပြုနိုင်လျှင် ပင်လုံ အမည်ကို မသုံးသင့်ပါ။ တန်ဘိုးအရ မူရင်း ပင်လုံညီလာခံသည် ပတ္တမြားငမောက် ဖြစ်ခဲ့သည့်အချိန်တွင် ယခုကျင်းပမည့်၂၁ ရာစု ပင်လုံညီလာခံသည် အမည်လှသလိုရှိသော်လည်း ယင်း၏ တန်ဘိုးမှာ လမ်းခင်းကျောက် အဆင့်သာ ရှိမည်ဖြစ်သော ကြောင့်ပင်။
.
ပဉ္စမ မေးခွန်းမှာ ၂၁ ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာသည့် သဘောတူညီချက်များအား ပြည်ထောင်စု တခုလုံးကို ကိုယ်စားပြုသည့် တရားဝင်ဆုံးဖြတ်ချက် များအဖြစ်ရောက်ရှိလာစေရန် မည်သို့ မည်ပုံ ဆက်လက်ဆောင်ရွက်မည်နည်း ဟူ၍ ဖြစ်သည်။ ဤနေရာတွင် ၀န်ကြီးဟောင်း ဦးအောင်မင်း အပါအ၀င် မြန်မာစစ်ခေါင်းဆောင်ဟောင်းသစ်များကြွေးကြော်လေ့ရှိသည့် “အားလုံးပါဝင်ရေး All inclusive” ဟူသော  ဝေါဟာရကို သုံးသပ်ရန်လိုအပ်လာသည်။ အားလုံးဟူသည်မှာ အဘယ်နည်း။ NCA ကို လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားအဖွဲ့ အစည်းများပါဝင်ရန် လိုအပ်သော်လည်း ၄င်းတို့ ပါရုံဖြင့် ပြည့်စုံပြီဟု မယူဆနိုင်သေးပါ။ ယင်းနှင့် စပ်လျှဉ်း၍ ဆွစ်ဇာလန် ဖက်ဒရယ်နိုင်ငံ၏ လက်တွေ့ ကို လေ့လာသင့်သည်။ ယင်းတွင် “ပါဝင်မှု Inclusiveness” ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ ပြည်ထောင်စု အတွက်အရေးကြီးသော ကိစ္စများအား ပြည်ထောင်စု ဖွဲ့ စည်းရာ၌ပါဝင်သည့် (၁) ပြည်နယ်များ နှင့် (၂) လူထုများ၏ သဘောဆန္ဒကို ရယူဆုံးဖြတ်ခြင်းအား ရည်ညွှန်းသည်။
.
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်[4] NCA တွင် အတွေ့ အကြုံရှိခဲ့ပြီ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  အစည်းအများစုက လက်မှတ်မထိုးခဲ့။ သို့ ပါလျှက် ဦးသိန်းစိန် စစ်အစိုးရက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ဟူ၍ပင် ခပ်တည်တည်ခေါ်ဝေါ်သုံးစွဲခဲ့သည်။ စာချုပ်အရ အင်္ဂါရပ်နှင့် မညီသည့်အပြင် လက်တွေ့ မြေပြင်တွင်လည်း အပစ်မရပ်သည့် ဒေသများ အနှံ့ အပြားဆက်ရှိနေသေးသည်။ သို့ ဖြစ်၍ ယင်းစာချုပ်အား စာရေးသူက တခြမ်းပဲ့ NCA ဟုသာ အမည်ပေးခဲ့သည်။ ယခုလည်း ၂၁ ရာစုပင်လုံညီလာခံပြီးလျှင် ပေါ်ထွက်လာမည့် စာချုပ်သည် အလုပ်မဖြစ်သည့် တခြမ်းပဲ့ ပြည်ထောင်စု စာချုပ်ဖြစ်နေဦးမှာလား။ အတိအကျ ဖြေကြားရန် NLD အစိုးရတွင် တာဝန်ရှိပါမည်။
.
ဆဌမ မေးခွန်းမှာ၂၁ ရာစုပင်လုံညီလာခံမှ ပေါ်ထွက်လာမည့် သဘောတူညီချက်များအပေါ် အခြေခံလျှက် ဖက်ဒရယ်ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တခု နှင့် ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေများ ရေးဆွဲ ခွင့်ရှိမည်လား ဟူ၍ ဖြစ်သည်။ အကယ်၍ ရေးဆွဲခွင့်မရှိ၊ ၂၀၀၈ ဖွဲ့ စည်းပုံကိုသာ ပြင်ဆင်သွားမည်ဆိုပါမူ ပင်လုံအမည်တပ်၍ ညီလာခံခေါ်ယူကျင်းပ စရာ အကြောင်းမရှိပါ။
.
ပင်လုံစာချုပ်အပေါ် အခြေခံပြီး ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲ ပေါ်ပေါက်လာခဲ့သည်။ လွတ်လပ်ရေးအရယူရန် အချိန်လု၍ ရေးဆွဲကြရသောကြောင့်သာ တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ် စနစ်၏ အနှစ်သာရများ မပြည့်ဝခဲ့ခြင်းဖြစ်သည်။ သို့ ရာတွင် ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေသည် ၂၀၀၈ ဖွဲ့ စည်းပုံ ထက် အဆတရာ ပို၍ကောင်းမွန်သည်။ ၂၁ ရာစု ပင်လုံညီလာခံဟူ၍ ကြီးကျယ်သော နံမည်တပ်ကာ ငွေကြေး၊ အချိန်နှင့် လူအင်အား မြောက်များစွာ အကုန်ခံကျင်းပသော်လည်း ရလာသော သဘောတူညီချက်များအပေါ် အခြေခံ ကာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအသစ်ရေးဆွဲခွင့်မရှိ၊ ၂၀၀၈ ဖွဲ့ စည်းပုံအောက်ကိုပင် ပြန်ဝင် ရမည် ဆိုပါမူ ယင်းလုပ်ငန်းစဉ်သည် အဓိပ္ပါယ်မရှိနိုင်ပါ။  ပင်လုံအမည်ဖြင့် ညီလာခံလုံးဝ မခေါ်သင့်ပါ။ “၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်နိုင်ရေး ဆန္ဒသဘောထားရယူသည့် အစည်းအဝေး” ဟူ၍သာ ခေါင်းစဉ်တပ်ပြီး ကျင်းပသင့်သည်။
.
ဤနေရာတွင် မကြာသေးမီ ရက်ပိုင်းကမှ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ရမှ ဖွဲ့ စည်းပုံပြင်သွားမည်၊” ဟု အတိအလင်းပြောကြားချက်အပေါ် သုံးသပ်ရန်လိုအပ်လာသည်။ ဦးဝင်းမြင့် ဆိုလိုသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်မှာ အဘယ်နည်း။ လက်တွေ့ အရမူ “မြန်မာစစ်ခေါင်း ဆောင် ဟောင်းသစ်များ နှင့် နိုင်ငံရေးအရရွှေလည်တွဲနိုင်ရေး အတွက် အတိတ်ဖြစ်ရပ်မှန်သမျှပြည်ဖုံးကားချပြီး ၂၀၀၈ ဖွဲ့ စည်းပုံအောက်သို့ ခေါင်းလျှိုးဝင်ရောက်ရေး” ဖြစ်နေသည်။ ဤသည်ကို လက်မခံနိုင်သော နိုင်ငံရေးအင်အားစု နှင့် ပြည်သူလူထုများစွာ ရှိနေဆဲဖြစ်သည်။
.
ဦးဝင်းမြင့် ရည်ညွှန်းသည့် ငြိမ်းချမ်းရေးဟူသည်မှာရော မည်သည့် အရာနည်း။ ၄င်းက မည်သို့ မျှ အဓိပ္ပါယ်ဖွင့်ဆိုရှင်းပြခြင်းမပြုဘဲ ငြိမ်းချမ်းရေးဟူ၍ မြည်တမ်းခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်များအားလုံး လက်နက်ချကြလျှင် တိုင်းပြည်ငြိမ်းချမ်းရေးရမည်ဟူသည့်သဘောကို သိသိသာသာတမျိုး၊ မသိမသာတဖုံ ဖိအားပေးပြောကြား လျှက်ရှိသော ကာချုပ်မင်းအောင်လှိုင် ကို ထောက်ခံသည့် သဘောဆောင်နေသည်။ “နိုင်ငံရေးအခွင့်အရေးတောင်းခြင်ရင် ရခိုင့်တပ်မတော် (Arakan Army) နှင့် TNLA (တအမ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) တို့ အရင်ဦးစွာ လက်နက်စွန့် ကြရမည်။” ဟူ၍ မေလ ၁၉ ရက်နေ့ က သတင်းစာရှင်းလင်းပွဲတွင် ကာချုပ် မင်းအောင်လှိုင် ဦးစီးသည့် မြန်မာစစ်ခေါင်းဆောင်များ၏ ပြောကြားချက် နှင့် လေသံတထပ်တည်းလို ဖြစ်နေသည်။
.
ဖွဲ့ စည်းပုံပြဿနာကြောင့် ပြည်တွင်းစစ်ကြီး သက်ဆိုးရှည်နေသည်ကို ဦးဝင်းမြင့် မမြင်လေရော့ သလား။ ၁၉၄၇ ခုနှစ်ဖွဲ့ စည်းပုံသည် ဒီမိုကရေစီရေးရှုဒေါင့်မှကြည့်လျှင် အတော်များများကောင်းမွန်သည်။ တိုင်းရင်းသားပြည်နယ်များအတွက် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် မပေးနိုင်သဖြင့်သာ မကြေနပ်ကြခြင်းဖြစ်သည်။ သာဓက အားဖြင့် ပြည်နယ်ဥက္ကဌအား သက်ဆိုင်ရာပြည်နယ်ကောင်စီက ရွေးချယ်တင်မြှောက်ခွင့်မရှိဘဲ ပြည်ထောင်စု ၀န်ကြီးချုပ်က တိုက်ရိုက် ရွေးကောက်ခန့် ထားခြင်းမျိုးဖြစ်သည်။ ၁၉၇၄ ခုနှစ်ဖွဲ့ စည်းပုံမှာမူ တိုင်းရင်းသားများ၏အခွင့်အရေးသာမက ဒီမိုကရေစီ အခွင့်အရေးကိုပါ ရုပ်သိမ်းခြင်းခံရသဖြင့် ရှစ်လေးလုံးအရေးတော်ပုံအတွင်းတွင် ပြည်သူလူထုက သမိုင်းအမှိုက်ခြင်းထဲသို့ လွှင့်ပစ်ခဲ့ပြီးပြီ။ ပြည်တွင်းစစ်မှာလည်း အရှိန်မြင့်လာခဲ့သည်။
.
တိုင်းရင်းသားခေါင်းဆောင်များက ၄င်းတို့ လူထု၏ အခွင့်အရေးအား ဖွဲ့စည်းပုံတွင်ပြဌာန်း၍ ကာကွယ်စောင့် ရှောက်မှုရယူလိုသည့် ဆန္ဒကို ဦးဝင်းမြင့် မလေ့လာဘူးလေရော့ သလား။ သာဓက နှစ်ခု ပြလိုသည်။ ပထမ တခုမှာ ကွယ်လွန်သူ ရှမ်းအမျိုးသားခေါင်းဆောင်ကြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူ ဦးထွန်းမြင့် (တောင်ကြီး) ၏ ပြော စကားဖြစ်သည်။ မှတ်မိသမျှ ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်အတွင်း တောင်ကြီးသို့  ရောက်လာခဲ့စဉ်က ပြောကြားခဲ့ခြင်းပင်။ ၄င်းက နိုင်ငံရေးခေါင်းဆောင်မှန်သမျှကို လေးစားသော်လည်း ၄င်းတို့  ၏ ကတိစကားမျှနှင့် မလုံလောက်ကြောင်း၊ ၄င်းတို့ ဖေါက်ပြန်သွားလျှင်ဖြစ်စေ၊ ကွယ်လွန်သွားလျှင် ဖြစ်စေ၊ ကတိစကားများလည်း အတူပါသွားတတ်ကြောင်း၊ မိမိတို့ တိုင်းရင်းသားများ၏ အခွင့်အရေးကို ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းကာကွယ်စောင့်ရှောက်မှု ရယူလိုကြောင်း ဟူ၍ ဖြစ်သည်။
.
ဒုတိယတခုမှာ ကရင်ပြည်နယ် မာနယ်ပလောလွတ်မြောက်နယ်မြေတွင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများနှင့် ဒီမိုကရေစီရေးအင်အားစုများပူးပေါင်းဖွဲ့ စည်းထားသော မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ် (DAB) ကမကထ ပြုမှုအောက်တွင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းအား ၁၉၉၀ ခုနှစ်မှ စတင်ရေးဆွဲခဲ့ကြပြီး ၂၀၀၈ ခုနှစ်တွင် ဒုတိယ (မူကြမ်း) အဆင့်သို့ ရောက်ရှိခဲ့သည်။ ယင်းလုပ်ငန်းစဉ်တွင် တိုင်းရင်းသားခေါင်းဆောင်ကြီးများ အမြောက်အများ ၁၈ နှစ်ကြာမျှ အားကြိုးမာန်တက် ပါဝင်ခဲ့ကြကာ ၄င်းတို့ လိုခြင်သောအခွင့်အရေးများအား ဖွဲ့ စည်းပုံနှင့်အညီ ကာကွယ်စောင့်ရှောက်ခွင့် ရယူနိုင်ရေးအတွက်ကြိုးပမ်းခဲ့ကြသည်။
.
ဖွဲ့ စည်းပုံနှင့် အညီ တိုင်းရင်းသားများလိုလားတောင့်တသော နိုင်ငံရေးအခွင့်အရေးများအား ထည့်သွင်း ကာကွယ်စောင့်ရှောက်ပေးနိုင်မှသာ ငြိမ်းချမ်းရေးကို မြှော်မှန်းနိုင်မည်။ တိုင်းပြည်၏ အချုပ်အခြာဥပဒေ[5] အနေဖြင့် လက်ခံကျင့်သုံးကြရသော ဖွဲ့ စည်းပုံအခြေခံဥပဒေသည် သော့ချက်ဖြစ်သည်။ အခရာ ဖြစ်သည်။ ဤကိစ္စကို အရင် ဦးစွာကိုင်တွယ်ရပါမည်။ စင်စစ်အားဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်သည့်နည်းဖြင့် မည်သည့်အခါတွင်မျှ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်နိုင်မည် မဟုတ်။ ပြင်၍မရနိုင်တော့။ လှေပျက်ကြီးကဲ့သို့ ဟိုကပေါက် သည်ကယို ဖြစ်နေသည်။ အသစ်ရေးဆွဲ မှသာ သင့်တော်မည်ဖြစ်ကြောင်းကိုလည်း NLD က အားကိုးအားထားပြုလျှက်ရှိသောဥပဒေပညာရှင်အချို့ ကိုယ်တိုင်
ကပင်ပြောကြားခဲ့ကြလေပြီ။ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုဖွဲ့ စည်းပုံအခြေခံဥပဒေ အသစ်တရပ်ဖြင့်တိုင်းရင်းသား များလိုလားတောင်းဆိုလျှက်ရှိသော ဖက်ဒရယ်ရေးရာအခွင့်အရေးများကို ထည့်သွင်းပြဌာန်း ကာကွယ်စောင့်ရှောက်မှု မပေးနိုင်ပါကပြည်တွင်းငြိမ်းချမ်းရေး မည်သို့ မျှမရနိုင်။ စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာလည်း ဝေလာဝေး ပါမည်။
.
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကထဲက ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဘဲဟု အကြောင်းပြကာစစ်အစိုးရက အဆက်ဆက်က နိုင်ငံရေးဖိနှိပ်မှုများတောက်လျှောက်ပြုခဲ့သည်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ လူထုများ၏ အဆက်မပြတ်တောင်းဆိုတိုက်ပွဲဝင်လာမှုကြောင့် လွန်ခဲ့သော သုံးနှစ်ခန့် မှစ၍ မြန်မာစစ်အာဏာရှင်ဟောင်းသစ်များသည် ဖက်ဒရယ်စနစ်ကို လက်ခံကြောင်းဖြင့် တဦးပြီးတဦး ထုတ်ဖေါ်ဝန်ခံ လာကြရသည်။ ဖက်ဒရယ် သည် နိုင်ငံရေးရာဇပလ္လင်သို့ တ၀က်မျှချဉ်းနင်းဝင်ရောက်လာနိုင်ခဲ့ပြီ။ ၂၀၁၆ ခုနှစ် မေလ ၁၉ ရက်တွင် မြန်မာစစ်တပ်၏ သတင်းစာရှင်းလင်းပွဲ၌ ကာချုပ်မင်းအောင်လှိုင်က ၄င်းအနေဖြင့် “ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ ပြည်ထောင်စု ကို သွားဘို့ နဂိုကထဲက ပြောခဲ့ကြောင်း” ထပ်မံထုတ်ဖေါ်ခဲ့သည်။ သို့ ရာတွင် နိုင်ငံရေးအင်အားစု အားလုံးက လက်ခံသည့် ဖက်ဒရယ်မူ ဟူသည် မပေါ်ပေါက်သေးပါ။
.
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုက်က ဖက်ဒရယ်ကိုလက်ခံကြောင်း အကြိမ်ပေါင်းများစွာထုတ်ဖေါ်ပြောကြားခဲ့သော်လည်း NLD က အတည်ပြုထားသောဖက်ဒရယ်မူ ကို စာနှင့်ပေနှင့် အတိအလင်း ရေးသားထားခြင်းမရှိသေးပါ။ ကာချုပ်မင်းအောင်လှိုင်က ပြောကြားသည့် “ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု” ဟူသည်မှာ ၂၀၀၈ ဖွဲ့ စည်းပုံအရ တည်ဆောက်သောနိုင်ငံကိုသာ ရည်ညွှန်းလိုပုံရှိသည်။ NLD က လက်ခံသော ဖက်ဒရယ်စနစ်ဆိုသည်မှာ အဘယ်နည်း၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ စုပေါင်းတောင်းဆိုနေကြသည့် အခြေခံများ နှင့် ကိုက်ညီသလား၊ သို့ မဟုတ် ကာချုပ်မင်းအောင်လှိုင်၏ သဘောထားနှင့် တထပ်တည်းဖြစ်နေသလား၊ ကွဲပြားလျှင် မည်သည့် အချက်အလက်များဖြစ်သနည်း၊ စသည်တို့ ကို ပြည်သူလူထုက သိရှိလိုပါမည်။
.
သို့ ဖြစ်၍ NLD ပါတီအနေဖြင့် ဖြစ်စေ၊ NLD အစိုးရအနေဖြင့် ဖြစ်စေ၊ ဦးစီးကျင်းပသင့်သည်မှာ ၂၁ ရာစု ပင်လုံညီလာခံမဟုတ်။ “ဖက်ဒရယ်ရေးရာ နှီးနှောဖလှယ်ပွဲ” ဖြစ်သည်။ ယင်း နှီးနှောဖလှယ်ပွဲ နှင့် ဆက်စပ်ပြီး တိုင်းရင်းသား အဖွဲ့ အစည်းများ၊ ခေါင်းဆောင်များနှင့် လူထုများထံမှ ဖက်ဒရယ်ဆိုင်ရာ သဘောထားအမြင်များ စုဆောင်းကာ သမိုင်းကြောင်း၊ မျက်မှောက်အနေအထားနှင့် တိုင်းရင်းသားပေါင်းစုံလူထုများ၏ ဆန္ဒအရ မြန်မာနိုင်ငံအနေဖြင့် တည်ဆောက်ကျင့်သုံးသင့်သည့် စစ်မှန်သော ဖက်ဒရယ်မူဆိုသည်မှာ မည်သည့်အရာများဖြစ်ကြောင်းကို တစုတစည်းတည်း ဖေါ်ပြထားသည့် မူ တရပ်ပေါ်ထွက်လာရေး လုပ်ဆောင်သွားသင့်သည်။ ယင်းမူကို ကိုင်ကာ NLD အမတ်များက၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ရေးကို လွှတ်တော်အတွင်း၌ ကြိုးစားလျှင် အကျိုးရှိပါမည်။ စစ်မှန်သော ဖက်ဒရယ်မူများအပေါ်တွင် ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်နိုင်ရေး ဟူသည်မှာ ကျွဲချိုမှ နွားနို့ ညှစ်သလိုသာ ရှိမည် ဟူသည်ကို ၄င်းတို့ သဘောပေါက်လာကြသည့်အချိန်တွင် ရွေးရန်လမ်းနှစ်သွယ်ရှိလာပါမည်။
.
တလမ်းမှာ မိမိတို့ ရရှိထားသော တစွန်းတစ အာဏာကလေးကို မစွန့် လွှတ်နိုင်သဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံအတိုင်း ရွေးကောက်ပွဲတခုပြီးတခု မြှောလိုက်သွားခြင်းဖြစ်သည်။ နောက်တလမ်းမှာ တိုင်းရင်းသားတော်လှန်ရေး၊နိုင်ငံရေးအဖွဲ့ အစည်းများ၊ လူထုအသင်းအဖွဲ့ များနှင့် ပူးပေါင်းကာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့ စည်းပုံ အခြေခံဥပဒေများ ပေါ်ပေါက်လာရေး လမ်းကြောင်းကို လက်တွဲဖေါ်ဆောင်ခြင်းဖြစ်သည်။ ၄င်းတို့ မည်သို့ ရပ်တည်ကြမည့် အပေါ် သမိုင်းက အဆုံးအဖြတ် ပေးပါမည်။
.
ရောက်သွားခြင်းပင်။
.
ယခုမူ ၂၀၀၈ ဖွဲ့ စည်းပုံနောက်ခံ တွင် အကန့် အသတ်ကလေးနှင့် မျှဝေပေးထားသော အာဏာထိုင်ခုံကလေးတခု ရလိုက်သောအခါ မရေရာသည့်အပြင် ယုတ္တိကင်းလှသော အကြောင်းကို ပြကာ (ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်ပေါက်ရေးကို ပြတ်ပြတ်သားသားတောင်းဆိုရန်ဝေး၍) ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးကိုပင် အကန့် အသတ်မရှိရွှေ့ ဆိုင်းလိုက်ခြင်း ဟု နားလည် နိုင်သည်။
.
ရိုးရိုးလူတယောက်က ပြောလျှင် မထောင်းတာသော်လည်း လွှတ်တော်ဥက္ကဌကဲ့ သို့ (ဖွဲ့ စည်းပုံအပါအ၀င် ဥပဒေရေးကိစ္စတွင် အရေးပါသောနေရာကို ရယူထားသူ) ပုဂ္ဂိုလ် တဦးက ပြောလိုက်ခြင်းဖြစ်သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမှန်ပင်ထိခိုက် ပါတော့မည်။ ဖွဲ့ စည်းပုံပြဿနာအား အရင်ရှင်းရမည်ဟူသည်ကို လက်ခံသည့် အမတ်များ လွှတ်တော်အတွင်းတွင် ရှိနိုင်ပါသည်။ ဦးဝင်းမြင့်သည် လွှတ်တော်၏သဘောထားကို ထင်ဟပ်၍ပြောကြားခြင်းမဟုတ်ပါက လွှတ်တော်ဥက္ကဌအနေဖြင့် ယင်းသို့ ပြောခွင့် ရှိမရှိ အရေးကြီးအဆိုတင်သွင်းကာ ဆွေးနွေးသင့်ကြပါသည်။ ထို့ အပြင် ဦးဝင်းမြင့်သည် NLD ၏ မူဝါဒကို ထင်ဟပ်ပြီး ပြောကြားခြင်းလား ဟူသည်ကို ဒေါ်အောင်ဆန်းစု ကြည် နှင့် တွေ့ ဆုံသည့်အခါတွင် တိုင်းရင်းသားခေါင်းဆောင်များက မေးမြန်းကြလိမ့်မည်ဟု မြှော်လင့်သည်။
.
.
 အောင်ထူး
ဥပဒေ အထောက်အကူပြုကွန်ရက်တည်ထောင်သူ
ကျောင်းအုပ်ကြီး၊ ဖက်ဒရယ်ဥပဒေအကယ်ဒမီ
ဇွန်လ (၁၆) ရက် ၂၀၁၆ ခုနှစ်
E.mail: legalaidnetwork@gmail.com
Tel: (46) 76 1156 215
Website: legalaidnetwork.org
—————————————
[1] The Charter of the United Nations
[2] ယခုအခါ Cantons  ထိုစဉ်က  Orte ဟု ခေါ်ဝေါ်ခဲ့သည်။
[3] Agreement of Malaysia
[4] Nationwide Ceasefire Agreement
[5] Supreme law of the land
Leave a Reply
Your email address will not be published.