အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆု ပါကစ္စတန် အမျိုးသမီး ဒါရိုက်တာ ရရှိ

Sharmeen-Obaid-Chinoy

ပြီးခဲ့တဲ့ အော်စကာ (Oscar) ရုပ်ရှင်ဆုပေးပွဲမှာ ပါကစ္စတန် (Pakistan) အမျိုးသမီး ဒါရိုက်တာ ရှမီးမ်အိုဘေ့ချိနွိုင် (Sharmeen Obaid-Chinoy) က အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆုကို ရရှိခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ဒုတိယ အကြိမ်မြောက် ရရှိတဲ့ အော်စကာဆုဖြစ်ပြီး ပါကစ္စတန် အမျိုးသမီးတစ်ဦးအနေနဲ့ အော်စကာဆု (၂) ကြိမ် ရရှိသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ရှမီးမ်ဟာ ဂျာနယ်လစ်တစ်ဦးအဖြစ်လည်း လူသိများသူပါ။ သူမဟာ ပါကစ္စတန်နိုင်ငံအတွင်း အမျိုးသမီးတွေရဲ့ ခွဲခြားဆက်ဆံခံရပုံကို နိုင်ငံတကာက သိရှိအောင် ကြိုးပမ်းဆောင်ရွက်သူအဖြစ် လူသိများပါတယ်။ (၂၀၁၆) ခုနှစ် အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆုကိုတော့ သူမ ရိုက်ကူးခဲ့တဲ့ “A Girl in the River: The Price of Forgiveness” ဇာတ်ကားက ရရှိခဲ့တာပါ။

 

“A Girl in the River” ရုပ်သံဇာတ်လမ်းတိုဟာ ပါကစ္စတန် အမျိုးသမီးငယ်တစ်ဦးကို ဆွေမျိုးရင်းခြာတွေက မိသားစုဂုဏ် ထိမ်းသိမ်းနိုင်ရေး အလို့ငှါ သတ်ဖြတ်ပြီး မြစ်ထဲစွန့်ပစ်ထားရာမှ အသက်မသေဘဲ လွတ်မြောက်လာသူ အသက် (၁၈) အရွယ် ဆာဘာ (Saba) ရဲ့ အဖြစ်အပျက်ကို ပြန်လည် ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။ “Honour Killings” လို့ ခေါ်ဝေါ်တဲ့ ယခုလို အဖြစ်အပျက်မျိုးဟာ ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွါးလေ့ရှိပေမဲ့ အင်မတန်လူသိနည်းတဲ့ ကိစ္စဖြစ်တဲ့အတွက် ရိုက်ကူးတင်ပြရခြင်း ဖြစ်တယ်လို့ ဒါရိုက်တာ ရှမီးမ်က ဆိုပါတယ်။ အမျိုးသမီးတွေကို အက်ဆစ်နဲ့ တိုက်ခိုက်မှု ပြုခံရပုံ ရုပ်သံဇာတ်လမ်းကို (၂၀၁၂) ခုနှစ်က ရိုက်ကူးခဲ့ပြီး သူမရဲ့ ပထမဆုံး အော်စကာဆုကို ရယူခဲ့သူဖြစ်ပါတယ်။

 

သူမရဲ့ အော်စကာဆုရ ဇာတ်လမ်းတိုကြောင့် ပါကစ္စတန် ဝန်ကြီးချုပ် နာဝါ့ဇ်ရှရိဖ် (Nawaz Sharif) ကိုယ်တိုင် “Honour Killings” နဲ့ စပ်လျဉ်းတဲ့ ဥပဒေကို ပြန်လည် သုံးသပ်ရတော့မှာ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ဒါရိုက်တာ ရှမီးမ်ဟာ အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ် (Stanford University) မှာ Mass Communications ဘာသာရပ်ကို သင်ကြားခဲ့သူ ဖြစ်ကြောင်း သိရှိရပါတယ်။

 

ကိုးကား – BBC

 

Leave a Reply

Your email address will not be published.