CNN သတင်းဌာနမှ ချီးမွမ်းတင်ပြသော စွန့်ဦးတီထွင် စီးပွါးရေးလုပ်ငန်းရှင် မွတ်စလင် အမျိုးသမီးငယ်

Amani Al-Khatahtbeh

နိုင်ငံတကာ သတင်းဌာနများတွင် ထူးခြားသစ်လွင် ကောင်းမွန်သော မွတ်စလင် သတင်းများ ပါဝင်ဖော်ပြမှု နည်းပါးခြင်း၊ အထူးသဖြင့် လူမှုရေး၊ စီးပွါးရေး၊ ပညာရေး အစရှိသည့် နယ်ပယ်အသီးသီးတွင် မွတ်စလင် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍအား ထိန်ချန်ထားရှိခြင်းများကြောင့် အသက် (၂၃) နှစ်အရွယ် မွတ်စလင် အမျိုးသမီးငယ် အမာနီ အလ်-ခါတာဘာ (Amani Al-Khatahtbeh) မှ ဦးဆောင်ကာ MuslimGirl.net အမည်ရှိ လွတ်လပ်သော အင်တာနက် သတင်းဌာနတစ်ခုအား တည်ထောင်လိုက်ကြောင်း သိရှိရသည်။

 

အမာနီနှင့် သူမ၏ မိတ်ဆွေ (၇) ဦး အပါအဝင် အလွတ်တန်း သတင်းသမား (၃၀) ကျော်ပါဝင်သော MuslimGirl.net အင်တာနက် သတင်းဌာနမှာ လူအများ၏ စိတ်ဝင်စားမှုအား တစ်ဟုန်းထိုး ရရှိလာခဲ့သလို CNN သတင်းဌာန၏ စီးပွါးရေးရာ အစီအစဉ်တွင်လည်း ထည့်သွင်းမိတ်ဆက် ဖော်ပြခြင်း ခံခဲ့ရသည်။

 

သူမ တည်ထောင်ထားသော သတင်းဌာန၏ ထူးခြားချက်မှာ လစဉ် Google Hangouts အစီအစဉ်ဖြင့် နိုင်ငံတကာရေးရာများကို ပူးပေါင်းပါဝင် ဆွေးနွေးနိုင်ခြင်း ဖြစ်သည်။ MuslimGirl.net သတင်းဌာန ဆက်လက်ရပ်တည်နိုင်ရန် အတွက်လည်း ငွေကြေးအားဖြင့် အကူအညီများ ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွါးရေးသမားများအနေဖြင့် သူမ၏ အစီအစဉ်အား ငွေကြေးအကျိုးအမြတ်ရှိကြောင်း လက်ခံလာကြပြီ ဖြစ်သည်ဟုလည်း  သူမကဆိုသည်။

 

မိဘ (၂) ဦးမှာ ဂျော်ဒန်နိုင်ငံ (Jordan) မှ ဖြစ်ပြီး သတင်းဌာနအတွက် လိုအပ်သည်များကို ဦးဆောင်ကူညီ ဆောင်ရွက်ပေးနေသည်။ အမျိုးသမီးများအား လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအား အကာအကွယ် ပြုနိုင်ရန်အတွက် လိုအပ်သော ပညာပေး အစီအစဉ်များကိုလည်း ပို့ချလျက်ရှိကြောင်း သူမကဆိုသည်။

 

ကိုးကား – CNN

Leave a Reply

Your email address will not be published.