ဆော်ဒီတော်ဝင်မင်းသမီး ကုလအထူးသံတမန်အဖြစ် ခန့်အပ်ခြင်းခံရ

Saudi-Arabia-Kingdom-Tower-01

ဆော်ဒီအာရေဗျနိုင်ငံ (Saudi Arabia) ၏ တော်ဝင်မင်းသမီး တစ်ဦးဖြစ်သူ Reem Bint Mansour Al-Saud အား သူမ၏ လူသားချင်း စာနာကူညီမှု လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ကုလသမဂ္ဂ (United Nations) မှ အထူးသံတမန်အဖြစ် ခန့်အပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။ ဤသို့ ခန့်အပ်ခံရခြင်းကြောင့် Reem Bint Mansour Al-Saud မှာ ပထမဆုံး ဆော်ဒီ တော်ဝင်မင်းသမီး ကုလအထူးသံတမန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

Reem Bint Mansour Al-Saud မှာ အရှေ့အလယ်ပိုင်း အထူးပြုဘာသာရပ်ဖြင့် အင်္ဂလန်နိုင်ငံ (England) အောက်စ်ဖို့ဒ်တက္ကသိုလ် (Oxford University) မှ ဒေါက်တာဘွဲ့ရရှိထားသူ ဖြစ်သည်။ သူမ၏ ကျိုးပမ်းဆောင်ရွက်မှုအတွက် ကုလသမဂ္ဂမှ ပေးအပ်ချီးမြှင့်သော အခမ်းအနားအား ကိုယ်တိုင် မတက်ရောက်နိုင်သော်လည်း ဤသို့အသိအမှတ်ပြုမှုအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်သည်။

 

ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နှင့်အတူ လုပ်ဖော်ကိုင်ဖက်အားလုံးအား ကျေးဇူးတင်ရှိကြောင်း၊ ယခုကဲ့သို့ အသိအမှတ်ပြုခြင်းကြောင့် နောင်တွင်လည်း လူသားချင်း စာနာကူညီမှု လုပ်ငန်းများအား ပိုမိုဆောင်ရွက်သွားမည်ဟု သူမကဆိုသည်။

 

ကုလသမဂ္ဂမှ ချီးမြှင့်သောဆုအား ကိုယ်စားယူရန် တက်ရောက်လာသော Afaf Abdullah Yamani မှ တော်ဝင်မင်းသမီးမှာ ဆော်ဒီနိုင်ငံရှိ အမျိုးသမီးများ၏ စံပြုနမူနာ ယူထိုက်သူ ဖြစ်ကြောင်း၊ သူမသည် ငြိမ်းချမ်းရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အာရပ်နှင့် အနောက်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်ကို ရှေးယခင်ကတည်းက သိရှိခဲ့သူ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ကိုးကား – Saudi Gazette

Leave a Reply

Your email address will not be published.