အိန္ဒိယနိုင်ငံ၏ အထင်ကရ သိပ္ပံပညာရှင်၊ သမ္မတဟောင်းဖြစ်သူ အဗ္ဗဒူလ်ကာလမ် ကွယ်လွန်

India-President-Abdul-Kalam-01

အိန္ဒိယနိုင်ငံ (India) နိုင်ငံအား (၂၀၀၂) ခုနှစ်မှ (၂၀၀၇) ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့သူ အဗ္ဗဒူလ်ကာလမ် (A.P.J. Abdul Kalam) မှာ ယမန်နေ့က ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။ သိပ္ပံပညာရှင်တစ်ဦးဖြစ်သော အဗ္ဗဒူလ်ကာလမ်မှာ ခေတ်သစ် အိန္ဒိယနိုင်ငံ၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ၌ ဦးဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်ကာ နိုင်ငံသားများ၊ အထူးသဖြင့် လူငယ်ပညာတတ်များ၏ ပြယုဂ်အဖြစ် သတ်မှတ်ထားခြင်း ခံထားရသူတစ်ဦး ဖြစ်သည်။

 

အသက် (၈၃) နှစ် အရွယ်ရှိပြီ ဖြစ်သော အငြိမ်းစား သမ္မတဟောင်း အဗ္ဗဒူလ်ကာလမ်မှာ ရှီလောင်းပြည်နယ် (Shillong) ရှိ Indian Institute of Management ၌ သင်တန်းပေးရင်း နှလုံးခုန်နှုန်း မူမမှန်ရာမှ ရုတ်တရက် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံအား (၁၉၉၈) ခုနှစ်၌ နုကလီးယားစွမ်းအင် ရရှိစေရန်တွင် အဓိက ဦးဆောင်သူအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

 

သမ္မတဟောင်း အဗ္ဗဒူလ်ကာလမ်မှာ နိုင်ငံတကာ အထင်ကရ တက္ကသိုလ် (၃၀) ကျော်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ နိုင်ငံအတွက် စစ်လက်နက်နှင့် ကာကွယ်ရေးကဏ္ဍတို့တွင်လည်း ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။

 

အိန္ဒိယနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာ၊ ရူပဗေဒပညာရပ်တို့၏ ဖခင်အဖြစ် သတ်မှတ်ခံထားရသူ သမ္မတဟောင်း အဗ္ဗဒူလ်ကာလမ်မှာ တမီးလ်မွတ်စလင်တစ်ဦး ဖြစ်သည်။ သမ္မတဟောင်း အဗ္ဗဒူလ်ကာလမ်၏ ရုတ်တရက် ကွယ်လွန်သေဆုံးခဲ့မှုအပေါ် အိန္ဒိယနိုင်ငံတဝှမ်း ပြည်သူများ၊ နိုင်ငံရေး ပညာရှင်များနှင့် အနုပညာရှင်များက အလွန် ဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

ကိုးကား – The Hindu

Leave a Reply

Your email address will not be published.