အာဖဂန်နစ္စတန်၏ ပထမဆုံး အမျိုးသမီး တရားသူကြီးအဖြစ် Anisa Rassouli အား သမိုင်းဝင် ခန့်အပ်

Anisa Rassouli

အာဖဂန်နစ္စတန်နိုင်ငံ (Afghanistan) သမ္မတ Ashraf Ghani ဟာ အမျိုးသား၊ အမျိုးသမီး တရားမျှတမှုနဲ့ တန်းတူညီညာဆက်ဆံမှု ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိအတိုင်း ယခုအခါ အထက်တန်းတရားရုံး တရားသူကြီးအဖြစ် အမျိုးသမီးတစ်ဦးဖြစ်သူ Anisa Rassouli ကို တရားဝင် တာဝန်ပေး ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီအတွက် Anisa Rassouli ဟာ အာဖဂန်နိုင်ငံရဲ့ သမိုင်းဝင် ပထမဆုံး အထက်တန်းတရားရုံး အမျိုးသမီး တရားသူကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

 

Anisa Rassouli ဟာ အာဖဂန် အမျိုးသမီး တရားသူကြီးများ အစည်းအရုံး (Afghan Women Judges Association) မှာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တရားမျှတမှုနဲ့ အဂတိလိုက်စားမှု ပပြောက်ဖို့ အထူးကြိုးပမ်းသွားဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ တရားစီရင်မှု အဖွဲ့မှာလည်း အရည်အချင်းရှိပြီး နေရာမရခဲ့တဲ့ အမျိုးသမီးတွေကို ပြန်လည်တာဝန်ပေးအပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

Anisa Rassouli လို အမျိုးသမီးတစ်ဦးကို ယခုလို အထက်တရားရုံး တရားသူကြီးအဖြစ် ခန့်အပ်ခြင်းဟာ မပြုထိုက်ကြောင်း အာဖန်ဂန်နိုင်ငံက ရှေးရိုးစွဲတွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး သမ္မတအနေနဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ အာဖဂန်နိုင်ငံ အိုလမာကောင်စီ (Ulema Council of Afghanistan) က ကန့်ကွက်စာ ရေးသားတောင်းဆိုခဲ့ပါတယ်။

 

သို့ပေမဲ့လည်း သမ္မတ Ashraf Ghani ဟာ သူ့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ အမျိုးသမီးတွေကို ဝန်ကြီးဌာန ဝန်ကြီးတွေအဖြစ် တာဝန်ပေး ခန့်အပ်ထားမှုတွေ ရှိတာကြောင့် ဒီသဘောထားကို ပြောင်းလဲမှာ မဟုတ်ကြောင်း၊ နောက်ထပ်လည်း အရည်အချင်းရှိသူ အမျိုးသမီးတွေအတွက် သက်ဆိုင်ရာ နေရာတွေမှာ တာဝန်ပေးဖို့ အသင့်ရှိကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

 

ကိုးကား – Euronews

Leave a Reply

Your email address will not be published.