ဓာတ်ပုံမှတ်တမ်း – တရုတ်မွတ်စလင် အမျိုးသမီးတို့ရဲ့ ဘဝနဲ့ အခြေအနေ

Giulia Marchi

Giulia Marchi ဟာ အထင်ကရ မှတ်တမ်းဓာတ်ပုံပညာရှင် (documentary photographer)  တစ်ဦးဖြစ်ပြီး အာဖရိက (Africa) နဲ့ တရုတ် (China) နိုင်ငံများမှာ သူ့ရဲ့  ဓာတ်ပုံပရောဂျက်များကို သွားရောက်ရိုက်ကူးဖန်တီးသူပါ။ BBC၊ Newsweek၊ Financial Times အပါအဝင် နာမည်ကျော် မဂ္ဂဇင်းများနဲ့ သတင်းဌာနများမှာ သူမရဲ့  ဓာတ်ပုံပရောဂျက်များကို တင်ဆက်ဖော်ပြခြင်း ခံရသူဖြစ်ပြီး Ca’ Foscari University of Venice ကနေ East Asian Languages အထူးပြု  BA ဘွဲ့ ရရှိထားပါတယ်။

 

တရုတ်ပြည်က မွတ်စလင်အမျိုးသမီးတွေရဲ့  ဘဝနဲ့ အခြေအနေကို ရိုက်ကူးတင်ဆက်ထားတဲ့ Giulia Marchi  ရဲ့  “Call Her Fatimah – Musilin” ပရောဂျက်ဟာလည်း အလွန်ပဲ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ တရုတ်ပြည်မှာ “မွတ်စလင်” (Muslim)ကို တရုတ်သံနှောပြီး “Musilin”လို့ ခေါ်ဆိုကြောင်း သိရှိရပါတယ်။

 

သူမ အီဂျစ်နိုင်ငံ (Egypt) မြို့တော်ကိုင်ရို (Cairo) ကို သွားရောက်လည်ပတ်စဉ်မှာ တရုတ်ပြည်က ပညာသင် ရောက်ရှိနေတဲ့ အသက် (၂၂) နှစ်အရွယ် မွတ်စလင်အမျိုးသမီး Ding Lan ဆိုသူနဲ့ တွေ့ဆုံခဲ့ပါတယ်။ Ding Lan ရဲ့  မွတ်စလင်နာမည်က Fatimah ဖြစ်ပြီး အစ္စလာမ် သာသနာ့ပညာကို လေ့လာဆည်းပူးဖို့ ကမ္ဘာကျော် Al Azhar တက္ကသိုလ်ကြီးကို ရောက်ရှိနေတာပါ။

 

Ding Lan ကဲ့သို့ပဲ အစ္စလာမ် သာသနာ့ပညာကို လေ့လာဆည်းပူးဖို့ အီဂျစ်နိုင်ငံကို ရောက်ရှိနေတဲ့ ဟွေ့ (Hui) မျိုးနွယ်ဝင် အသက် (၂၀) နဲ့ (၂၅) နှစ်အကြား တရုတ်မွတ်စလင် အမျိုးသမီးများကို တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ သူတို့ဟာ ရှင်ကျန် (Xinjiang)၊ ချင်ဟိုင်း (Qinghai)၊ ဂန်ဆု (Gansu)၊ နင်ရှား (Ningxia) နဲ့ ဟီနန် (Henan) ဒေသများက ဖြစ်ကြပါတယ်။

 

အမေရိကန်နိုင်ငံ အခြေစိုက် Pew သုတေသနအဖွဲ့ရဲ့  Forum on Religion & Public Life စစ်တမ်းအရ (၂၀၁၀) ခုနှစ်က တရုတ်ပြည်မှာ လူဦးရေ (၂၃) သန်းကျော်က မွတ်စလင်ဖြစ်ကြောင်း တရားဝင် မှတ်ပုံတင်ထားပြီး (၂၀၃၀) ခုနှစ်မှာ သန်း (၃၀) ကျော် ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံဆရာမ Giulia Marchi ဟာ Ding Lan နဲ့အတူ ကိုင်ရိုမြို့ကနေ ဘေဂျင်းမြို့ (Beijing) အထိ လိုက်ပါခရီးသွားခဲ့ပြီး တရုတ်မွတ်စလင် အမျိုးသမီးတွေရဲ့  ဘဝနဲ့ အခြေအနေကို လေ့လာစူးစမ်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပါတယ်။ စိတ်ဝင်စားဖွယ် ဓာတ်ပုံအချို့ကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

 

 

 

 

 

 

 

ကိုးကား – The Huffington Post

Leave a Reply

Your email address will not be published.