Announcements

MMV မှ အသိပေး ကြေညာချက်

 

မြန်မာမွတ်စလင်တို့၏ အသံ (MMV) မှ သတင်းများ၊ ဆောင်းပါးများ၊ ဘာသာပြန်များနှင့် အခြားသောပို့စ်များကို MMV အား အသိပေးခြင်း တစ်စုံတစ်ရာ မရှိ၊ MMV ထံမှ ကူးယူတင်ပြကြောင်း ရိုးသားစွာ ဝန်ခံဖော်ပြခြင်း မရှိ၊ မူရင်းကူးယူ သုံးစွဲရာ လင့်ခ်အား ဖော်ပြပေးခြင်း မရှိဘဲ MMV မှ စိုက်ထုတ်ထားသော လုပ်အား (Effort)၊ အသိဉာဏ်ဆိုင်ရာ ပစ္စည်း (Intellectual Property) ဖြစ်သော သတင်းများ၊ ဆောင်းပါးများ၊ ဘာသာပြန်များနှင့် အခြားသောပို့စ် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအားဖြစ်စေ တိုက်ရိုက်ခိုးကူးဖော်ပြခြင်း၊ ယူငင်သုံးစွဲခြင်းများကို တွေ့ရှိနေရပါသည်။ ထိုသို့ ပြုလုပ်နေသူ များသည် MMV နှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်းနှင့် ထိုသို့သော အပြုအမူများကို MMV မှ ပြင်းထန်စွာ ရှုံ့ချကြောင်း အသိပေးအပ်ပါသည်။

 

MMV အား ဝိုင်းဝန်းပံ့ပိုးနေသူများနှင့် အစဉ်အားပေးနေသော မိတ်ဆွေပရိသတ်များအား တန်ဖိုးထားလေးစားလျက်

 

ကျေးဇူးတင်စွာဖြင့် (MMV စာတည်းအဖွဲ့နှင့် ဝိုင်းတော်သားများ)

မြန်မာမွတ်စလင်တို့၏ အသံ (MMV)

11th July 2013

 


 

မြန်မာမွတ်စလင်တို့၏အသံ (MMV) သတင်းမီဒီယာ လွှင့်တင်ခြင်း ကြေညာချက်

 

မြန်မာမွတ်စလင်တို့၏ အသံ (MMV) မှ ဦးစွာပထမ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း တောင်းဆုပြုပါ၏။
မြန်မာမွတ်စလင်များ၏ အဓိကရလိုအပ်ချက်ကွက်လပ်တစ်ခုဖြစ်သော သတင်းမီဒီယာကဏ္ဍကို မြန်မာမွတ်စလင်တို့၏ အသံ (MMV) က ဖြည့်ဆီးလိုက်ပါပြီ။

 

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ၊ ဟစ်ဂျရီ ၁၄၃၃ ခုနှစ် ရှောင်ဝါလ်လ ၁ ရက်နေ့၊ ၀ါကျွတ်အီးဒ်ပွဲတော်နေ့မြတ် အခါသမယတွင် မြန်မာမွတ်စလင်တို့၏ အသံ (MMV) ကို တရားဝင်စတင်မည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

မြန်မာမွတ်စလင်တို့၏ အသံ (MMV) ၏ အဓိကရည်ရွယ်ချက်မှာ ပညာရေးနှင့်အတွေးအမြင်ဖလှယ်ရေးဖြစ်သလို မြန်မာပြည်သူပြည်သားအားလုံးကို မြန်မာနှင့် ကမ္ဘာ့အရေးများမှ မျက်ခြေပြတ်မသွားစေဘဲ အထွေထွေဗဟုသုတ တိုးပွားစေဖို့ရန်လည်း အချိန်နှင့်တပြေးညီ လုံလစိုက်ထုတ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

 

မြန်မာမွတ်စလင်တို့၏ အသံ (MMV) မှာ စာဖတ်ပရိသတ်အားလုံး၏ အင်အားဖြင့်သာ အဓွန့်ရှည် ရပ်တည်သွားနိုင်မည်ဖြစ်၍ ပန်းသတင်းလေညှင်းဆောင်သည့်နှယ် မြန်မာမွတ်စလင်တို့၏ အသံ (MMV) ၏ သတင်းစကားကို ပျံ့နှံ့ရောက်ရှိစေဖို့ တတပ်တအား ပါဝင်ကူညီကြပါရန်လည်း မေတ္တာရပ်ခံလိုက်ရပါသည်။

 

မြန်မာမွတ်စလင်တို့၏ အသံ (MMV) မှ စာဖတ်ပရိတ်သတ်တို့၏ အတွေးအမြင်များကို အစဉ်လေးစာကြိုဆိုလျက်ရှိကာ သတင်းများ၊ ဆောင်းပါးနှင့်အာဘော်များ ဆက်သွယ်ပေးပို့လိုပါက myanmarmuslimsvoice@outlook.com သို့ လိပ်မူ ပေးပို့နိုင်ပြီး မြန်မာမွတ်စလင်တို့၏ အသံ (MMV) မှ အလျင်းသင့်သလို ကောက်နှုတ်တင်ပြပေးသွားမည် ဖြစ်ပါကြောင်းလည်း အသိပေးအပ်ပါသည်။

 

ကျေးဇူးတင်စွာဖြင့်
မြန်မာမွတ်စလင်တို့၏ အသံ (MMV)
19th August 2012

 

ဖတ်ရှုဖွယ် သတင်းနှင့် ဆောင်းပါးအချို့
Myanmar Muslims’ Voice (MMV)
မြန်မာမွတ်စလင်တို့၏ အသံ ကမ္ဘာအလီလီ ညံစေသောဝ်

 

မန္တလေးမြို့ မြန်မာမွတ်စလင်မ်အဖွဲ့၏ ၂၀၁၂ခုနှစ်၊ဇူလိုင်လ(၃၀)ရက်၊တနင်္လာနေ့ နေ့စွဲဖြင့် ထုတ်ပြန်သော “ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ သဘောထား” ထုတ်ပြန်ချက်အား “Myanmar Muslims’ Voice (MMV) မြန်မာမွတ်စလင်တို့၏အသံ” မှ ထောက်ခံကြိုဆိုပါသည်။

 

ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ သဘောထား။

နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာ နေလိုသော နိုင်ငံတော်ကို ချစ်မြတ်နိုးသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်အနေနှင့် နိုင်ငံတကာရှိ အစ္စလာမ်ဘာသာဝင်များ၊ အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများသို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။

ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ရှေးယခင် နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင်များ လက်ထက်ကထဲက လူမျိုးစုံ ဘာသာတရားမျိုးစုံနှင့် အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နေခဲ့ကြသူများဖြစ်ပါသည်။

တမိထဲမှမွေးဖွားလာသော တအူတုံဆင်း ညီအစ်ကိုမောင်နှမ အရင်းအချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာ ရှိတတ်ပါသည်။ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင်လည်း လူမျိုးစုံ ဘာသာစုံဖြစ်သည့် အားလျှော်စွာ သဘောထားအမြင် ကျဉ်းမြောင်းသူများ အယူသီးသူများ တယူသန်သူများ ထိပ်တိုက်တွေ့သောအခါ ပဋိပက္ခ အထိကရုန်း အသွင်ဆောင်သော ပြသနာများ ဖြစ်ပွားခဲ့သည်မှာ မငြင်းနိုင်သော ကိစ္စများဖြစ်ပါသည်။

မကြာခဏ ဖြစ်ပွားခဲ့သော ပြသနာများကို နိုင်ငံတော်မှ တာဝန်ရှိသူများက မှန်မှန်ကန်ကန် ဖြေရှင်းပေးသည်ဖြစ်စေ မဖြေရှင်းပေးသည်ဖြစ်စေ ကျွန်ုပ်တို့အချင်းချင်း ဖြစ်သည့်နည်းနှင့် ပြေလည်အောင် တည်ငြိမ်မှုရှိအောင် ဖြေရှင်းခဲ့သည်သာ ဖြစ်ပေသည်။ ကျွန်ုပ်တို့အချင်းချင်းဖြစ်သော ပြသနာများအတွက် မည်သည့်ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်။

ပြည်ပမှ ကျွန်ုပ်တို့၏ ပြသနာများအတွင်းဝင်ရောက် စွက်ဖက်မှုများရှိလာသည့်အခါ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအတွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေခဲ့သော သာဓကများရှိခဲ့ပါသည်။

မည်သည့် အကြောင်းပြချက်နှင့်ပြုလုပ်သည်ဖြစ်စေ တာလီဘန်များက ဗုဒ္မရုပ်ပွားတော်များကို ဖျက်စီးခဲ့သည့် အကျိုးဆက်များသည် ကျွန်ုပ်တို့အတွက် ဆိုးယွားလှစွာသော ဘာသာရေးစော်ကားမှု အမည်းစက်အဖြစ် အပြစ်တင်ခံနေရဆဲဖြစ်နေပါသည်။ ရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများ သက်ရှိထင်ရှား ရှိနိုင်တော့မည် မဟုတ်တော့ပါ။သို့သော် သူတို့၏ မှားယွင်းသော လက်တုန့်ပြန် ဖျက်ဆီးမှုဒဏ်ကို ကျွန်ုပ်တို့က ယနေ့တိုင်ခံစားနေရဆဲဖြစ်ပါသည်။

ယခုတဖန် ရခိုင်ပြည်နယ်တွင် ပြသနာများဖြစ်ပွားလာသောအခါ နိုင်ငံတကာမှ ဂယက်ရိုက်မှုများ ဖြစ်ပွားလာပြန်ပါသည်။ ရခိုင်ပြသနာသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့သလို တရားဥပဒေ စိုးမိုးရေးပြသနာကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းမှု မရှိသည့်အတွက် မလိုလားအပ်သော ပြသနာများ ဆက်လက်ပြန့်ပွားဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ပါသည်။

နိုင်ငံအုပ်ချုပ်သူများ၏ လျှင်မြန်မှန်ကန်စွာ ဖြေရှင်းမှုမရှိခြင်း၊ ပြည်တွင်းမီဒီယာများ၏ မှားယွင်းသောသတင်းတင်ပြမှုများ စိတ်ဆန္ဒစောတင်ပြမှုများအပေါ် အခြေခံကာ ပြည်တွင်းအင်တာနက် စာမျက်နှာများပေါ်တွင် နယ်စပ်ပြသနာကို ပြည်တွင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထံသို့ပါ ကူးစက်ပြန့်ပွားလာစေရန် ကျိုးပမ်းအားထုတ်မှုများ၊ အစ္စလာမ်ဘာသာဝင်များကို ဆဲဆိုစော်ကားမှုများ၊ ခြိမ်းခြောက်မှုများ များစွာဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကိုလိုလားသော ဗုဒ္မဘာသာဝင် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၏ ပူးပေါင်းကူညီမှုဖြင့် ပြသနာရပ်များပြန့်နှံ့မလာအောင် ကျွန်ုပ်တို့ တားဆီးထားနိုင်ခဲ့ပါသည်။

ကျန်ရှိနေသေးသော ပြသနာများကိုဖြေရှင်းရန်မှာ နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရ၏ တာဝန်သာဖြစ်ပါသည်။ ထိုသို့ဖြေရှင်းရာတွင် နှစ်ရှည်လများဖြစ်ခဲ့သည့် ပြသနာဖြစ်ခြင်း နယ်စပ်မှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုများရှိနေခြင်း တဘက်နှင့်တဘက် မဖြစ်နိုင်သော တောင်းဆို အပြစ်တင်မှုများရှိနေခြင်း များပြားလှစွာသော ပြသနာများ ဖြေရှင်းရန်ရှိနေခြင်း တို့ကြောင့် လည်းကောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရလည်းကောင်း ထိုက်သင့်သည့် အချိန်ယူဖြေရှင်းရမည့် ကိစ္စဖြစ်နေပါသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအတွက် စစ်မှန်သော အကူအညီ ပေးအပ်လိုသည်ဆိုပါက နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစို့ရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သော ရုပ်ဝတ္ထုပစ္စည်း အကူအညီများ၊ ငွေရေးကြေးရေးအကူအညီများ၊ နည်းပညာအကူအညီများ ပေးရန်သာ အကြောင်းရှိပါသည်။

ယခုလုပ်ဆောင်နေသော နိုင်ငံတကာရှိ မြန်မာသံရုံးများရှေ့တွင် ဆန္ဒပြခြင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား စော်ကားမော်ကားပြု မီးရှို့ပြခြင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သမ္မတကြီး၏ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် မည်သည့်အကျိုးတရားကိုမှ ရရှိလာမည်မဟုတ်ဘဲ ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များအတွက် ပိုမိုခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလိုသာဖြစ်မည်ကို သတိချပ်သင့်ပါသည်။

အီရန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကိစ္စအပေါ် ကုလသမဂ္ဂတပ်များစေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေပိုမိုဆိုးယွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါသည်။ထိုနည်းတူစွာ ဟစ်ဘိုလာအဖွဲ့သည်လည်း အီရန်နိုင်ငံ၏နောက်မှ သံယောင်မလိုက်သင့်ပါ။ ပါကစ္စတန်နိုင်ငံ အနေနှင့်လည်း မြန်မာနိုင်ငံအပေါ်ရန်လိုသော သဘောထားများ မထားသင့်ပါ။ တာလီဘန် အဖွဲ့အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ မြန်မာနိုင်ငံ၏အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှုလုပ်ခွင့်မရှိပါ။

မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန်မှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ တာဝန်လည်းဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်လာပါက ကျွန်ုပ်တို့မှလည်း အသက်ပေး ကာကွယ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိစေအပ်ပါသည်။
သို့ဖြစ်သည့်အတွက် သက်တမ်းနုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီစနစ်တိုးတက်ရာ တိုးတက်ကြောင်း အတွက်လည်းကောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျနေသော နိုင်ငံတော် လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်းအကူအညီပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

အစ္စလာမ်သာသနာတော်၏ အဆုံးအမများနှင့် ကိုက်ညီမှုမရှိသော နိုင်ငံတကာမှလက်မခံနိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာ မရွေး လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းမှားထုတ်ပြန်ခြင်း၊ သတင်းမှန်ကိုချဲ့ကားဝါဒဖြန့်ခြင်း၊ နိုင်ငံတော်အလံနှင့် နိုင်ငံခေါင်းဆောင်ကြီးများအား စော်ကားမော်ကားပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန် လေးနက်တည်ကြည်စွာ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

မြန်မာမွတ်စလင်မ်အဖွဲ့
မန္တလေးမြို့
၂၀၁၂ခုနှစ်၊ဇူလိုင်လ(၃၀)ရက်၊တနင်္လာနေ့။

Ref: http://goo.gl/tXwmQ